ဘင်္ဂလားဒေ့ရှ်အစိုးရ ကလေးအခွင့်အရေးချိုးဖောက်ကြောင်း HRW စွပ်စွဲ

နေရိန်ကျော်
2019.12.03
rohingya-622.jpg ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒုက္ခသည်စခန်းက ရိုဟင်ဂျာကလေးများ။
Photo: AFP

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ကော့ဆက်ဘဇားခရိုင်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေက ကလေးပေါင်း လေးသိန်းလောက်ရဲ့ ပညာရေးအတွက် အကူအညီပေးမယ့်အဖွဲ့တွေကို တားမြစ်ပိတ်ပင်ထားသလို၊ ပြင်ပက ကျောင်းတွေမှာလဲ တက်ခွင့်မပေးတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်ရာရောက်နေပြီဆိုတဲ့အကြောင်း နိုင်ငံတကာ NGO အဖွဲ့ဖြစ်တဲ့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က အစီရင်ခံစာတစောင် ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

“ကျနော်တို့လူသားတွေမဟုတ်ဘူးလား” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုစုရေးသားထားတဲ့ အဲဒီအစီရင်ခံစာမှာ ကော့ဆက်ဘဇားခရိုင်က ဒုက္ခသည်စခန်းတွေမှာ ကလေးတွေပညာရေးအတွက် ဘယ်လိုပိတ်ပင် တားမြစ်ထားလဲဆိုတဲ့ သက်သေအထောက်အထားတွေကို စုစည်းဖော်ပြထားပါတယ်။ ကလေးတွေဟာ အလယ်တန်း၊ အထက်တန်းအဆင့်ပညာတွေ သင်ခွင့်မရသလို၊ ဘင်္ဂါလီဘာသာသင်ခွင့်မရ၊ ဘင်္ဂလားဒေ့ရှ်မှာ ပြဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းတွေသင်ခွင့်မရအောင် တားမြစ်ထားတယ်လို့ HRW က ထောက်ပြထားပါတယ်။

ဒါဟာ ရိုဟင်ဂျာတွေရှိနေတာကို ဘင်္ဂလားဒေ့ရှ်အစိုးရက မလိုချင်ဘူးဆိုတာ ထင်ထင်ရှားရှားပြသနေတာဖြစ်တယ်။ ကလေးတွေ ပညာကောင်းကောင်းသင်ခွင့်မရတာဟာ သူတို့ကိုဒုက္ခထဲ နှစ်ရာရောက်သလို၊ ဒီလုပ်ရပ်ဟာ ဒုက္ခသည်ပြဿနာကို မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ HRW အဖွဲ့ရဲ့ ကလေးအခွင့်အရေးဆိုင်ရာညွှန်ကြားရေးမှူး Bill Van Esveld က ပြောပါတယ်။

ဒါ့အပြင် Esveld က .... “ မြန်မာစစ်တပ်ရဲ့လူမျိုးစုရှင်းလင်းရေးစီမံချက်ကနေ ထွက်ပြေးလာတဲ့သူတွေကို ဘင်္ဂလားဒေ့ရှ်က အသက်ဘေးကနေ ကယ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီထဲကကလေးတွေ ကောင်းကောင်းမွန်မွန် ပညာသင်ခွင့်မပေးတာဟာ အခြေခံလူ့အခွင့်အရေးထဲက အချက်ဖြစ်တဲ့ ဒုက္ခသည်ကလေးတွေကို တိုင်းပြည်ထဲမှာရှိပြီးသား ကလေးတွေနဲ့ ခွဲခြားဆက်ဆံမှုမရှိရဘူးဆိုတာကိုတော့ ချိုးဖောက်နေတယ်လို့" ပြောပါတယ်။

ဒီအစီရင်ခံစာအတွက် ကျောင်းသား၊ မိဘ၊ ဆရာ၊ အာဏာပိုင်အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့ ကုလသမဂ္ဂအေဂျင်စီကအရာရှိတွေ စုစုပေါင်း ၁၆၃ယောက်ကို လူတွေ့မေးမြန်းထားတာလို့ ဆိုပါတယ်။  

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ မူဝါဒတွေ၊ ကူညီထောက်ပံ့ရေးအစီအစဉ်တွေကို လေ့လာခဲ့သလို၊ ကလေးတွေပညာရေးအတွက် ကူညီရေးအဖွဲ့တွေက ဘယ်လောက်ထိ ကြိုးစားခဲ့လဲဆိုတာကိုလည်း လေ့လာခဲ့တယ်လို့ ဆိုပါတယ်။

ကနေဒါနိုင်ငံ တိုရွန်တိုမြို့အခြေစိုက် ရိုဟင်ဂျာလူ့အခွင့်အရေးကွန်ရက်အဖွဲ့က Raiss Tinmaung က ..... “ ကလေးတွေဟာ ဒုက္ခသည်စခန်းက လမ်းကြိုလမ်းကြားတွေမှာပဲ လျှောက်သွားနေကြပြီး၊ ကလေးမှောင်ခိုကူးသမားတွေရဲ့အန္တရာယ်ရှိနေတယ်။ မိန်းကလေးတွေဆိုရင်လည်း ပြည့်တန်ဆာအဖြစ် ရောင်းစားခံရမယ့် အန္တရာယ်တွေကြုံရတယ်။ အဲဒီတော့ ကျနော်တို့အားလုံးဟာ လူမှောင်ခိုကူးခံရတဲ့ ပြဿနာတွေကြုံရသလို၊ ဒီအတွက်လဲ ကျနော်တို့အပေါ်မှာ အပြစ်တွေကျလာတယ်။ ဒီကလေးတွေ ပညာမသင်ရရင် ဘာဖြစ်သွားမလဲ။ အဲဒီလို အခြေခံလူ့အခွင့်အရေးတွေ မရကြတဲ့အတွက် သူတို့ကို လူမှောင်ခိုဈေးကွက်ထဲကို သွယ်ဝိုက်ပြီး ပို့သလိုဖြစ်သွားတယ်” လို့ပြောပါတယ်။

ဒုက္ခသည်စခန်းတွေထဲမှာ မြန်မာနိုင်ငံက ပြဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းသင်ပေးခွင့်ကိုလဲ မြန်မာအစိုးရဘက်က ခွင့်ပြုဖို့ငြင်းဆန်တယ်လို့ HRW အဖွဲ့ကထောက်ပြပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ HRW အဖွဲ့  အာရှပစိတ်ဖိတ်ဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က ......


“ ရိုဟင်ဂျာကလေးတွေ သူတို့ရဲ့စိုးရိမ်ချက်ကမှန်တယ်လို့ ကျနော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံကပြဌာန်းထားတဲ့ သင်ရိုးညွှန်တမ်းသင်ခွင့်မရတဲ့အတွက် သူတို့ ရခိုင်ပြည်နယ်ကို ပြန်သွားတဲ့အခါ မြန်မာစာ၊ မြန်မာစကားတတ်ကြမှာ မဟုတ်ဘူး”
လို့ ပြောပါတယ်။

ကလေးတွေကို ပညာသင်ခွင့်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို စာရေးပြီး တောင်းဆိုပေမယ့်အကြောင်းမပြန်ဘူးလို့ ကလေးအခွင့်အရေးဆိုင်ရာညွှ န်ကြားရေးမှူး Bill Van Esveld ကပြောပါတယ်။

ဒါကြောင့် ယူနီဆက်အဖွဲ့က ဘင်္ဂလားဒေ့ရှ်အစိုးရက တားမြစ်ထားတာကို ကျော်လွှားနိုင်ဖို့ သင်ရိုးညွှန်းတမ်းအတိုင်း မဟုတ်ဘဲ သင်ပေးနိုင်အောင် ဆောင်ရွက်ခဲ့ပြီး အဲဒီစီမံချက်ကို ၂ဝ၁၈ ခုနှစ် ဧပြီလမှာ အတည်ပြုချက်ရယူခဲ့တယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရကလဲ ဒုတိယတန်းလောက်ထိ သင်ပေး နိုင်တဲ့အဆင့်ကိုပဲ ပထမတနှစ်စာခွင့်ပြုခဲ့တယ်။ နောက်ထပ်ပိုသင်ပေးနိုင်မယ့် တတိယတန်းကနေ အထက် အဆင့်သုံးဆင့်ကို ခွင့်မပြုခဲ့ဘူးလို့ HRW ကဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက အဲဒီအဆင့်ငါးဆင့်ထိ သင်ခွင့်ပေးခဲ့ရင်တောင် ပညာရေးဌာနက စစ်တဲ့စာမေးပွဲတွေ ဖြေခွင့်မရတဲ့အတွက် အလယ်တန်းအဆင့်ကို ဆက်တက်နိုင်မှာ မဟုတ်တော့ဘူးလို့လဲ ထောက်ပြပါတယ်။

ဒါကြောင့် ကလေးတွေကို မြန်မာပြည်က သင်ရိုးညွှန်းတမ်းတွေ အမြန်ဆုံးသင်ခွင့်ပေးဖို့ မြန်မာအစိုးရအနေနဲ့ အမြန်ဆုံးခွင့်ပြုသင့်တယ်လို့ HRW အဖွဲ့က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် ကလေးတွေကို ဘင်္ဂလားနဲ့ မြန်မာနှစ်ဘာသာလုံးပါတဲ့ ပညာကောင်းကောင်းသင်နိုင်ဖို့အတွက် ကူညီထောက်ပံ့မယ့်အဖွဲ့တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လဲ ခွင့်ပြုရမယ်လို့ HRW အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

အဲဒီအပြင် ကလေးတွေကို သင်ကြားပို့ချမယ့် ဆရာ၊ ဆရာမ လုံလုံလောက်လောက်ရဖို့ နိုင်ငံတကာအလှူရှင်တွေကလဲ ဆက်ပြီး ထောက်ပံ့ကူညီသင့်တယ်လို့ HRW အဖွဲ့က ပြောပါတယ်။

ကုလသမဂ္ဂမှာ ပြဌာန်းထားတဲ့ ကလေးအခွင့်အရေးစာချုပ်ပါ အချက်အတိုင်း ကလေးတွေမှန်သမျှ ခွဲခြားဆက်ဆံမှုမရှိစေရဘဲ ပညာကောင်းကောင်းသင်ခွင့်ရအောင် ကုလသမဂ္ဂနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံချက်တွေမှာ ပါဝင်ရမယ်လို့လည်းပြောလိုက်ပါတယ်။ အခုဆိုရင် ၂ဝ၁၉ ခုနှစ် အောက်တိုဘာလအထိ သတ်မှတ်ထားတဲ့ လူသားချင်းစာနာမှုအကူအညီ အမေရိကန်ဒေါ်လာသန်း ၆ဝ နီးပါးထဲမှာ ၆ဝ ရာခိုင်နှုန်းက ပညာရေးမှာ အသုံးပြုရမယ်ဆိုတဲ့ သတ်မှတ်ချက်ပြည့်မှီတာလဲ မတွေ့ရဘူးလို့ ဆိုပါတယ်။

" ကလေးတွေဟာ သူတို့အနာဂတ်ကောင်းအတွက် မျှော်လင့်စောင့်စားနေကြတယ်။ နှစ်နှစ်သာ ပြည့်သွားတယ် သူတို့မှာ ကျောင်းအပ်ခွင့်တောင် မရကြဘူး။ ဒီမျိုးဆက်တွေ ပညာသင်နိုင်မယ့်ကိစ္စကို ဘယ်သူကမှ စိတ်မဝင်စားကြဘူး။ ဒါနဲ့ပတ်သက်လို့ မြန်မာရော ဘင်္ဂလားဒေ့ရှ်ကိုပါ နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းပြောကြဖို့ လိုပါတယ်"
လို့ HRW အဖွဲ့ ကလေးအခွင့်အရေးဆိုင်ရာ ညွှန်ကြားရေးမှူး Esveld က ပြောလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။