မြန်မာရဲတပ်သား ၄ ယောက်ကို ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှ ပစ်ခတ်
2017.11.06

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နယ်ခြားမှတ်တိုင် ၄၅ နဲ့ ၄၆ အကြားမှာ မနေ့ညက ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပါတယ်။ မြန်မာရဲတပ်သား ၄ ယောက်ကို တဘက်ဘင်္ဂလားဒေ့ရှ်နယ်ထဲက လက်နက်ကိုင်အဖွဲ့တဖွဲ့က လှမ်းပစ်တာဖြစ်ပြီး အသေအပျောက်အထိအခိုက်မရှိဘူးလို့ သိရပါတယ်။
တဘက်နိုင်ငံကရရှိတဲ့သတင်းအရ ပစ်ခတ်တဲ့သူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ဖမ်းမိထားပြီလို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ရဲမှူး အောင်မြတ်မိုးက ပြောပါတယ်။
"အဲဒါက နယ်ခြားစောင့်ရဲတပ်ဖွဲ့မှာဖြစ်တာ၊ တဘက်ကမ်းက ပစ်တယ်လို့ပဲပြောလို့ရတယ်၊ ဘယ်အဖွဲ့ဆိုတာ ပြောဖို့ခက်တယ်၊ တဘက်နိုင်ငံက စခန်းတစ်ခုမှာ အဲဒီ ၃ ယောက်ကို ဖမ်းမိတယ်လို့သိရတယ်၊ အကြမ်းဖက် အဖွဲ့အစည်းကပေါ့နော်၊ တဘက်နိုင်ငံက သတင်းအရပဲ ပြောလို့ရတာပေါ့နော်"
မြန်မာရဲတပ်ဖွဲ့ဝင် ၄ ဦးဟာ မောင်တောမြို့နယ် အောင်သပြေရဲစခန်းကနေ လစာထုတ်ပြီးအပြန် စလီတောင်ရွာက နယ်ခြားမှတ်တိုင် ၄၆ အနီးမှာ ပစ်ခတ်ခံခဲ့တာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောထားပါတယ်။ လက်နက်ကိုင်တွေဟာ နယ်စပ်နဲ့ ကိုက် ၁၀၀ အကွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကနေ သေနတ်နဲ့ အချက် ၃၀ ကျော်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
ဘယ်အဖွဲ့ ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ တရားဝင်ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။