ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူ (၈) ဦးကို ပစ်ခတ်ဖမ်းဆီး
2012.07.16
မနေ့ကမနက် (၁၀) နာရီလောက်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၈) ဦးဟာ စက်လှေတစ်စီးနဲ့ ဘင်္ဂလား ပင်လယ်ပြင်ကို ဖြတ်သန်း ဝင်ရောက် လာကြတာ ဖြစ်ပြီး ပေါက်တောမြို့နယ်၊ စစ်ကဲပြင် ကျေးရွာဘက်မှာ တပ်ချထားတဲ့ ခမရ (၃၇၁) က မသင်္ကာတဲ့အတွက် အဲဒီစက်လှေကို ရပ်တန့်ဖို့ ပြောကြားခဲ့ရာမှာ စက်လှေက မရပ်တန့်ဘဲ ဆံတော်ရှင် ကမ်းဘက်ကို ဆက်လက်ဦးတည် ခုတ်မောင်း နေတဲ့အတွက် စစ်တပ်က ပစ်ခတ် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီလို ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရ်ှ နိုင်ငံသား တစ်ဦးမှာ သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး မနေ့က ညနေ(၄)နာရီခန့်မှာ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးကို တင်ထားရတယ်လို့လည်း သိရပါတယ်။ ကျန် (၇) ဦးကိုတော့ မနေ့က စစ်တွေ အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းထားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
မနေ့က ဖမ်းဆီးရမိခဲ့တဲ့ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံသား(၈)ဦးဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့ဘဇားခရိုင်၊ တက္ကနက်မြို့နယ်၊ မူနာဒီကျေးရွာက ဖြစ်တယ်လို့လည်း သိရပါတယ်။