ဘင်္ဂလားဒေ့ရှ်နယ်စပ်က စစ်ကောင်စီစခန်းနှစ်ခုလုံးကို AA သိမ်းပိုက်
2024.02.06

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ်က တောင်ပြို(လက်ဝဲ)နဲ့ တောင်ပြို(လက်ယာ) စစ်ကောင်စီ နယ်ခြားစောင့် စခန်းနှစ်ခုလုံးကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်လိုက်တယ်လို့ အဲဒီဘက်မှာ ရှိနေတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
တောင်ပြို(လက်ယာ)စခန်းကို ဖေဖော်ဝါရီလ ၄ ရက်နေ့က သိမ်းပိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့မှာတော့ တောင်ပြို(လက်ဝဲ) စခန်းကိုပါ ထပ်မံသိမ်းပိုက်လိုက်တာလို့ဆိုပါတယ်။
စစ်ကောင်စီ နယ်ခြားစောင့်တပ်သားတွေလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေတာ တွေ့ရတယ်လို့ အဲဒီဒေသမှာရှိနေတဲ့ အမည်မဖော်လိုသူ တစ်ဦးကပြောပါတယ်။
“ဒီနေ့မှာ တောင်ပြိုက စခန်းနှစ်ခုလုံးကို AA က သိမ်းလိုက်ပါပြီ။ မနေ့က တစ်ရက်လုံး တိုက်ပွဲဖြစ်ပါတယ်။ လေယာဉ်နဲ့ လာပစ်တာလည်းရှိတယ်။ သိမ်းတာက ညဉ့် နှစ်နာရီလောက်ကတည်းက သိမ်းလို့ရတာလို့ သိရပါတယ်။ စစ်ကောင်စီတပ်သားတွေကတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတာတွေ့ရတယ်။ ထွက်ပြေးတဲ့သူ သုံးရာလောက်တောင် ရှိပါတယ်”
အဲဒီစခန်းနှစ်ခုဟာ မောင်တောမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ နယ်ခြားစောင့်စခန်းတွေက တပ်သားတွေအားလုံးကို စုပေါင်းထားတဲ့ စခန်းဖြစ်ပြီး စခန်းနှစ်ခုပေါင်း အင်အား ငါးရာလောက်အထိ ရှိတယ်လို့လည်းဆိုပါတယ်။
နယ်စပ်ဒေသမှာ စစ်ကောင်စီအတွက် အရေးပါတဲ့ စခန်းဖြစ်ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့ကစလို့ ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၅ရက်နေ့ကစပြီး လူမှုကွန်ရက်တွေမှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံ၊ ဗွီဒီယိုတွေမှာတော့ စစ်ကောင်စီ နယ်ခြားစောင့်တပ်သားအများအပြား လက်နက်တွေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတာတွေ့ရပါတယ်။ အဲဒီထဲမှာ ဒဏ်ရာရထားတဲ့ တပ်သားတွေလည်း ပါဝင်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။
ရက္ခိုင့်တပ်တော်(AA)ကတော့ တောင်ပြို(လက်ယာ) စခန်းကို သိမ်းပိုက်ထားပြီး တောင်ပြို(လက်ဝဲ)စခန်းကိုတော့ ထပ်မံတိုက်ခိုက်နေဆဲဖြစ်တယ်လို့သာ ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းဌာနတွေမှာတော့ ထွက်ပြေးလာတဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ်သားတွေနဲ့ သူတို့လက်နက်တွေကို ထိန်းသိမ်းထားပြီး မြန်မာဘက် ပြန်ပို့ဖို့ စစ်ကောင်စီနဲ့ ညှိနှိုင်းနေတယ်လို့ ဖော်ပြကြပါတယ်။