မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၆ဝ နီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး
2024.02.04

[Update: 1:30 AM, Feb 05 2024]
မြန်မာစစ်ကောင်စီ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) အဖွဲ့ဝင် ၆ဝ ထက်မနည်း ဖေဖော်ဝါရီ ၄ ရက် မနက်မိုးမလင်းခင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက်ခိုလှုံလာကြတယ်လို့ India Today က ဖော်ပြပါတယ်။
မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့၊ တောင်ပြိုလက်ယာ အခြေစိုက်စခန်း (၇) က တပ်ဖွဲ့ဝင်တွေ ထွက်ပြေးကြတာလို့ မောင်တောဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
အရုဏ်မတက်ခင်ကစလို့ BGP အဖွဲ့ဝင် ၅၈ ယောက် တစ်နေ့လုံး ဝင်လာတာလို့ India Today က ဆိုပါတယ်။
အဲဒီအထဲက ၁၄ ယောက်က ဒဏ်ရာတွေရထားပြီး ရိုဟင်ဂျာစခန်းတွေက ဆေးရုံတွေအပါအဝင် ဆေးရုံတွေမှာ ဆေးဝါးကုသပေးနေတယ်လို့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ကော့ဘဇား ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) က ထိန်းသိမ်းထားပြီး သူတို့နဲ့ အတူပါလာတဲ့ လက်နက်တွေကိုလည်း BGB က သိမ်းဆည်းထားပါတယ်။ အများစုက ယူနီဖောင်းဝတ်နဲ့လက်နက်တွေ သယ်ဆောင်လာကြပြီး တချို့က အရပ်ဝတ်တွေနဲ့ ဝင်လာတာလို့ တာဝန်ရှိသူက ပြောပါတယ်။
ဒီဖြစ်ရပ်တွေကို စစ်ကောင်စီကို အကြောင်းကြားထားတယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ AA ရက္ခိုင့်တပ်တော်တို့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး BGP တပ်ဖွဲ့ဝင်တွေဟာ သူတို့ စခန်းကို စွန့်ခွာပြီး ကော့ဘဇားကို ထွက်ပြေးလာကြတာပါ။
ဖေဖော်ဝါရီလ ၃ ရက်နဲ့ ၄ ရက် ညတွေမှာ မြန်မာဘက်ခြမ်းက တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ပစ်ခတ်သံတွေကြောင့် နယ်စပ်ချင်းထိစပ်နေတဲ့ ကျေးရွာတွေက ဒေသခံတွေ အလန့်တကြားဖြစ်ရတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
မြန်မာဘက်က တိုက်ပွဲတွေကြောင့် နယ်စပ်လုံခြုံရေး အထူးသတိထားဖို့လည်း ဘင်္ဂလားဒေ့ရှ်ဘက်က အမိန့်ထုတ်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ နယ်စပ်ချင်း ၁၆၅ မိုင်ကျော် ထိစပ်နေပါတယ်။
(မှတ်ချက်။ မူလသတင်းခေါင်းစဉ် ဖြစ်သည့် "မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၄ ယောက် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး" အစား "မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၆ဝ နီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး" ဟူ၍ ပြင်ဆင်ရေးသားထားပါသည်။ ဤသတင်းနှင့် ပတ်သက်၍ နောက်ဆုံးရ သတင်းအချက်အလက်တချို့ကိုလည်း ဖြည့်စွက်ရေးသားထားပါသည်။)