မြန်မာကို အရေးယူဖို့ ကုလကို ဘင်္ဂလားဒေ့ရှ် တင်ပြ
2018.08.08
ဘင်္ဂလားဒေ့ရှ် အစိုးရက သူတို့နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို ပြန်လည် လက်ခံရန် မြန်မာအစိုးရအနေနဲ့ လိုအပ်သလို လုပ်ဆောင်ခြင်း မရှိတဲ့အတွက် လိုအပ်သလို အရေးယူဆောင်ရွက်ပေးပါလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို မနေ့က ပြောကြားလိုက်ပါတယ်။
လုံခြုံရေးကောင်စီကို ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ် Masud Bin Momen မာဆူ ဘင် မိုမင် ပေးအပ်ခဲ့တဲ့ စာထဲမှာ သူတို့ အစိုးရက မြန်မာအစိုးရနဲ့ ဆက်သွယ်ကြိုးစားပေမယ့် ဒုက္ခသည်တွေ လုံခြုံစိတ်ချစွာ နေရပ်ပြန်လည် အခြေချရေးအတွက် လိုအပ်တဲ့ အခြေအနေတွေကို မြန်မာနိုင်ငံဘက်က အခုအချိန်ထိ ဖြည့်ဆီးနိုင်ခြင်း မရှိသေးကြောင်း ဖေါ်ပြထားပါတယ်။
ဒါ့အပြင် မြန်မာအစိုးရဟာ ဒီပြသနာရဲ့ ပမာဏကြီးမားလှတာကို လျှော့ချဖို့ ကြိုးစားတဲ့အနေနဲ့ ရခိုင်ပြည်နယ်က သူတို့နိုင်ငံ ထွက်ပြေးရောက်ရှိနေသူအရေအတွက်ကို ၅ သိန်းထက်မပိုပါဘူးလို့ ပြောကြားနေကြောင်းလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက လုံခြုံရေးကောင်စီကို တင်ပြတဲ့စာမှာ ပါရှိပါတယ်။
တရက်တည်းမှာပဲ ဒါကာမြို့ရှိ အင်ဒိုနီးရှားသံရုံးမှာ ဗုဒ္ဓးဟူးနေ့ မနေ့က ကျင်းပတဲ့ အခမ်းအနားတခုမှာ ဘင်္ဂလားဒေ့ရှ် စီမံကိန်းဝန်ကြီး Mustafa Kamal မွတ်စတာဖာ ကမားလ် က ရိုဟင်ဂျာပြသနာဟာ ကာလကြာရှည်တာနဲ့အမျှ ဖြေရှင်းဖို့ခက်ခဲလာမှာဖြစ်တဲ့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဝိုင်းဝန်းအဖြေရှာကြပါလို့ တိုက်တွန်း ခဲ့ကြောင်း ဒါကာကလာတဲ့ သတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။