ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်တွေကို သွားလာခွင့် ပိတ်ပင်ထား
2017.09.16
ရခိုင်ပြည်နယ်က ထွက်ပြေးသွားခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေထဲ ရောက်ရှိနေကြ သူတွေကို သတ်မှတ်ထားတဲ့ ဧရိယာထဲကနေ ပြင်ပကို သွားလာထွက်ခွာခွင့် အစိုးရက ပိတ်ပင်လိုက်ပါတယ်။
သူတို့ကို မူလနိုင်ငံ ပြန်ပို့တဲ့အထိ သတ်မှတ်ထားတဲ့ စခန်းတွေထဲမှာပဲနေရမှာဖြစ်ပြီး၊ ကားလမ်း၊ ရထားလမ်း၊ ရေလမ်းတွေနဲ့ တခြားနေရာတွေကို ထွက်ခွာခွင့်ပိတ်ထားကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။
ပြီးခဲ့တဲ့လကစလို့ မြန်မာနိုင်ငံဘက်ကနေ ဒုက္ခသည် ၄ သိန်းကျော် ထွက်ပြေးဝင်ရောက်လာခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်အနေနဲ့ မကြုံဖူးတဲ့ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ပြောပါတယ်။
ဒီအတွင်း ကောက်စဘဇားခရိုင်က ဒုက္ခသည်စခန်းတစ်ခုအနီး ဈေးလမ်းပေါ်မှာ အဝတ်အထည်တွေ တရားမဝင် ဝေပေးနေရာမှာ ဒုက္ခသည်တွေ အလုအယက် တိုးဝှေ့ယူကြတဲ့အတွက် ကလေးနှစ်ယောက်နဲ့ အမျိုးသမီး တစ်ဦး လူအုပ်အနင်းခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဒေသဆိုင်ရာ စည်းမျဉ်းတွေနဲ့ ကွပ်ကဲရေးစခန်းဖွင့်ထားပေမယ့် အခုလို ပုဂ္ဂလိက အလှူရှင်တွေက ဒုက္ခသည်တွေ အတွက် လူသုံးပစ္စည်းတွေ လာရောက်ဝေငှပေးနေကြလို့ စခန်းစီမံခန့်ခွဲမှု ညံ့ဖျင်းကြောင်း ဝေဖန်နေကြပါတယ်။
ဒီအတွင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက မြန်မာသံအမတ်ကို မနေ့က ဆင့်ခေါ်ခဲ့ပြီး၊ မြန်မာနိုင်ငံဘက်က ဘင်္ဂလာေးဒ့ရှ်ပိုင်နက်အတွင်း လေကြောင်းကျူးကျော်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက မြန်မာဘက်က ကျူးကျော်ခဲ့တယ်ဆိုတဲ့ အထောက်အထားမတွေ့ရကြောင်း၊ စစ်တပ်ကလည်း ငြင်းဆိုထားကြောင်း၊ ဒီကိစ္စ စုံစမ်းနေကြောင်း ပြောဆိုခဲ့ တယ်လို့ အေပီသတင်းက ဖေါ်ပြပါတယ်။