ဒုက္ခသည်တွေ လက်ခံရေး ကော်မတီ ဖွဲ့စည်းမည်


2017.10.15
bangladesh-rohingya-622.jpg ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်စလင် ဒုက္ခသည်စခန်းတွေကို တွေ့ရစဉ်
Photo: UNHCR

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားသူတွေ ကို ပြန်လည်စိစစ်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်ဖက်အစိုးရကိုယ်စားလှယ်တွေပါဝင်တဲ့ ကော်မတီ တစ်ရပ်ကို အမြန်ဆုံးဖွဲ့စည်းသွားမှာဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က တာဝန်ရှိသူတွေ ဒီလကုန်လောက်မှာ ပြည်တွင်းကို လာရောက်ဆွေးနွေးပြီးနောက် ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

"ကျနော်တို့ဘက်က အဖွဲ့သွားပြီး ဆွေးနွေးပြီးပြီ။ သူတို့ဘက်ကအဖွဲ့လာမယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံလည်း ဒီလကုန်မှာလာပြီး ညှိနှိုင်းမယ်။ ညှိနှိုင်းပြီးရင် နှစ်နိုင်ငံသဘောတူညီချက် ထွက်လာမယ်။ ထွက်လာပြီး ရင် နှစ်ဖက်ပါဝင်တဲ့ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းမယ်။ ဖွဲ့စည်းပြီးရင် ဆက်လက်ပြီးတော့ လုပ်မယ့် လုပ်ငန်းစဉ် အသေးစိတ်ကို ဆွေးနွေးမယ်။ အဲဒါအများကြီးတော့ အချိန်မယူရပါဘူး။ မြန်မြန် ဆက်တိုက်လုပ်သွားမှာပါပဲ"

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးနဲ့ သွားရောက်တွေ့ဆုံပြီး ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးရောက်ရှိနေသူတွေကိစ္စနဲ့ နှစ်နိုင်ငံကြားကိစ္စတွေ ကို ဆွေးနွေးခဲ့ပါတယ်။

လာမယ့် အောက်တိုဘာလ ၂၃ ရက်နေ့မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြည်ထဲရေးဝန်ကြီးက မြန်မာနိုင်ငံကို ၃ ရက်ကြာ လာရောက်မှာဖြစ်ပါတယ်။

နှစ်နိုင်ငံတာဝန်ရှိသူတွေ အပြန်အလှန်ဆွေးနွေးပြီးနောက်  ကော်မတီဖွဲ့စည်းပြီး ပြန်လည်လက်ခံရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်အသေးစိတ်ကို  အဲဒီကော်မတီက ချမှတ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အဆိုပြုချက်တင်ထားတာတွေရှိပေမယ့် ဘယ်လိုအချက်အလက်တွေနဲ့ စိစစ်လက်ခံသွားမယ်ဆိုတာ မဆုံးဖြတ်ရသေးကြောင်းနဲ့ ပြန်လည်လက်ခံရေးကို စနစ်တကျ စိစစ်သွားမှာဖြစ်တယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။