ဒုက္ခသည်တွေ ပြန်လာခွင့် လျှောက်လွှာ တင်ပြရမည်
2017.12.03
ဘင်္ဂလားဒေ့ရှ်ဘက်ရောက် ဒုက္ခသည်တွေအနေနဲ့ ဘယ်သူ့ခြိမ်းခြောက်မှုမှမပါဘဲ မြန်မာနိုင်ငံထဲမှာ ပြန် လည်နေထိုင်လိုကြောင်း၊ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေနဲ့အညီ လိုက်နာနေထိုင်မှာဖြစ်ကြောင်း ဝန်ခံချက်တွေ နဲ့ ပြန်လာခွင့်လျှောက်လွှာ တင်ပြရမှာဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က ဒီနေ့ ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ကတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လျှောက်လွှာတွေပေးပို့ထားတာ ရက်သတ္တပတ် ၃ ပတ်ခန့်ရှိပြီလို့ ဖြစ်တယ်လို့ ဦးမြင့်ကြိုင် က ပြောပါတယ်။
"အဲဒီလျှောက်လွှာပုံစံအရ အမည်၊ ကျား၊ မ၊ မွေးသက္ကရာဇ်၊ မြန်မာနိုင်ငံအတွင်းနေထိုင်ခဲ့ဖူးတဲ့ နေရပ် လိပ်စာ၊ မိသားစုဝင်စာရင်းတွေ နောက်သူတို့ကိုင်ဆောင်ခဲ့တဲ့ အသိအမှတ်ပြုကတ်ပြားတစ်မျိုး မျိုးပေါ့။ နောက်တစ်ခုက မည်သည့်ခြိမ်းခြောက်မှုမှမပါဘဲ မြန်မာနိုင်ငံမှာ ပြန်လည်နေထိုင်ဖို့ လျှောက် ထားပါတယ်ဆိုတဲ့ ဝန်ခံချက်တွေ၊ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေနဲ့အညီ လိုက်နာနေထိုင်ပါမယ်ဆိုတဲ့ ဝန်ခံချက်တွေကို လက်မှတ်ရေးထိုးပြီး ပြန်ပို့ရမှာဖြစ်တယ်ဗျ။ ကိုက်ညီတဲ့လူတွေကိုတော့ လက်ခံဖို့ နိုင်ငံတော်အစိုးရဆီ တင်ပြပြီး အစိုးရကတဆင့် တဘက်နိုင်ငံကို အကြောင်းကြားပြီး အသုတ်လိုက် ပြန်ခေါ်ယူမှာဖြစ်တယ်။ မကိုက်တဲ့လူတွေကိုတော့ ကျနော်တို့ ပြန်ခေါ်မှာ မဟုတ်ပါဘူး"
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားသူတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လိုတယ်ဆိုရင် မြန်မာအစိုးရဘက်က ပေးပို့ ထားတဲ့ လျှောက်လွှာမှာ ဖြည့်စွက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရကတဆင့် ပြန်လည်တင်ပြရမှာဖြစ်ပါတယ်။
ထွက်ပြေးရင်းနဲ့ အသိအမှတ်ပြု ကတ်ပြားတွေ ပျောက်ဆုံးမှု ပျက်စီးမှုရှိခဲ့မယ်ဆိုရင် ပြည်တွင်း မှာ နေထိုင်ခဲ့ဖူးကြောင်း သက်သေပြနိုင်တဲ့ စာရွက်စာတမ်း ဥပမာ ဆေးရုံဆင်းလက်မှတ်လို အထောက်အထားမျိုးနဲ့ လျှောက်ထားဖို့လိုအပ်တယ်လို့ ပြောပါတယ်။
လျှောက်လွှာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ ပြန်လည်ပေးပို့လာမယ်ဆိုရင် စစ်ဆေးရေးကော်မတီဘက်က စစ်ဆေးပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေကို စတင်သွားမှာဖြစ်တယ်လို့ ဦးမြင့်ကြိုင်က ပြောပါတယ်။ မြန်မာနိုင်ငံဘက်က ပြန်လည်လက်ခံရေးလုပ်ငန်း စတင်နိုင်ဖို့အတွက် လိုအပ်တဲ့ အဆောက်အဦပိုင်း၊ ဌာနဆိုင်ရာဖွဲ့စည်းမှုပိုင်းတွေဟာ ဒီလမှာ အဆင်သင့်ဖြစ်နေပြီဖြစ်တယ်လို့ သိရပါတယ်။