ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသူတွေကို ပြန်လည်စိစစ်လက်ခံရေးစခန်း နှစ်ခု ဖွင့်လှစ်မည်


2017.09.27
winmyataye-622.jpg ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာဝင်းမြတ်အေး ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့သူတွေအတွက် ပြန်လည်စိစစ်လက်ခံရေးစခန်းတွေကို တောင်ပြိုလက်ဝဲနဲ့ ငခူရကျေးရွာတွေမှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေ ရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ရခိုင်အရေးအကြံပြုချက်တွေကို အကောင်အထည်ဖော်ရေးကော်မတီဟာ နေပြည်တော်မှာ ဒီနေ့ အစည်းအဝေး ကျင်းပပြီးနောက် ဒေါက်တာဝင်းမြတ်အေး က သတင်းသမားတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

"National Verification Process နဲ့ ပတ်သက်ပြီးတော့ ဒါတွေကို ဦးစားပေးပြီးတေ့ာ ဆောင်ရွက်မှာတွေ ရှိတယ်ပေါ့နော်၊ ဒါနဲ့ပတ်သက်ပြီးတော့လည်း ကြိုတင်ပြင်ဆင်ထားတာတွေရှိတယ်၊ ဒါက ပြန်လည်လက်ခံတာနဲ့ ဆက်စပ်သွားတယ်လေ၊ ကုန်းလမ်းဆိုရင် တောင်ပြိုလက်ဝဲမှာလုပ်မယ်၊ ရေလမ်းဆိုရင် ငခူရမှာလုပ်မယ်"

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လူပေါင်း လေးသိန်းကျော် ထွက်ပြေးသွားတယ်လို့ နိုင်ငံတကာ မီဒီယာတွေနဲ့ ကုလသမဂ္ဂက ခန့်မှန်းပြောဆိုထားတာတွေရှိပါတယ်။

မြန်မာအစိုးရကတော့ ၁၉၉၃ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူညီထားတဲ့ အချက်တွေအတိုင်း စိစစ်လက်ခံ မယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် အစိုးရအနေနဲ့ ၂၀၁၈ ခုနှစ်ကုန်မှာ ရသေ့တောင်၊ ဘူသီးတောင်နဲ့ မောင်တောဒေသက အိမ်ခြေ ၃သောင်း နီးပါး မီးလင်းအောင် ဆောင်ရွက်မှာဖြစ်သလို လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွေမှာ တိုး တက်အောင်ဆောင်ရွက်မယ်လို့လည်း ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ဒီကနေ့ အစည်းအဝေးကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် ဌာနဆိုင်ရာတွေက အမြဲတမ်းအတွင်းဝန်၊ ညွှန်ချုပ်အဆင့်ရှိအရာရှိကြီးတွေလည်း တက်ရောက်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။