မူလနေရာနဲ့ အနီးစပ်ဆုံးမှာ ပြန်လည်နေရာချထားဖို့ UEHRD လျာထား


2017.11.15
aungtunthet-622.jpg UEHRD ရဲ့ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက် ကို နိုဝင်ဘာလ ၁၅ ရက်နေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ရှင်းလင်းပွဲ အခမ်းအနားတွင် တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်သူတွေကို ပြန်လည်လက်ခံပြီး သူတို့ရဲ့ မူလနေရာနဲ့ အနီးစပ်ဆုံးနေရာတွေမှာ ပြန်လည်နေရာချထားပေးဖို့ စဉ်းစားနေတယ်လို့ ရခိုင်ပြည်နယ် လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ရဲ့ ညှိနှိုင်းရေးမှူး ချုပ် ဒေါက်တာအောင်ထွန်းသက် က ဒီနေ့ ပြောပါတယ်။

ဒီနေ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ရှင်းလင်းပွဲ အခမ်းအနားမှာ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက် က ပြောခဲ့တာဖြစ်ပါတယ်။

"သူတို့ပြန်လာရင် ဘယ်နေရာထားမလဲ၊ အတတ်နိုင်ဆုံး နဂိုမူလနေရာနဲ့ အနီးစပ်ဆုံးမှားထားဖို့ ကြိုးစားမယ်၊ ဒါကို ကျနော်တို့ စဉ်းစားပါမယ်၊ ပြီးတော့ ပြန်လည်ထူထောင်ရေးဟာလည်း အရေးကြီးပါတယ်၊ ဒါက နံပါတ် ၂ ပေါ့၊ နံပါတ် ၃ အနေနဲ့ပြောရင်တော့ ဒီအချက်ကအရေးကြီးပါတယ်၊ ဖွံ့ဖြိုးမှုနဲ့ တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး လိုပါတယ်"

အစိုးရရဲ့ UEHRD စီမံကိန်းနဲ့ ပတ်သက်ပြီး စီပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဝိုင်းဝန်းအကူအညီတွေ ပေးကြဖို့ လည်း ဒေါက်တာအောင်ထွန်းသက်က တိုက်တွန်းခဲ့ပါတယ်။

မောင်တောဒေသမှာရှိတဲ့ ကျောက်ပန္ဒူ၊ ခုံတိုင်၊ နန်းရာကိုင်းနဲ့ ဘူးသီးတောင်မြို့နယ် ဇီးတုံကျေးရွာတွေမှာ နေအိမ် ၂၄၈ လုံးကို နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောက်လုပ်နေတယ်လို့ သိရပါတယ်။

တဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကနေ ပထမဆုံးအသုတ်အဖြစ်လက်ခံမယ့် ဟိန္ဒူမိသားစု ၇၃ စုအတွက် အိုးထိန်း ကျေးရွာမှာ နေအိမ်တွေဆောက်လုပ်ဖို့ လျာထားပြီးဖြစ်တယ်လို့ သိရပါတယ်။

မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္ဒူမှာ ဟိုတယ်ဇုန်တစ်ခုကို ထူထောင်ဖို့လျာထားသလို အလယ်သံကျော် မှာ ခရီးသွားလာရေးဇုန်တစ်ခုကိုလည်း ထူထောင်ဖို့ လျာထားတယ်လို့ ရခိုင်ပြည်နယ် စီမံ၊ ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်း ကပြောပါတယ်။

ပြည်တွင်းရေးထက် ပြည်ပကိစ္စတွေဟာ လေးနက်ရှုပ်ထွေးနေတဲ့အတွက် အစိုးရအနေနဲ့ သတိထား ဆောင်ရွက် နေရတယ်လို့လည်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကပြောပါတယ်။

ဒီနေ့အခမ်းအနားကို ဒေသတွင်းနဲ့ ပြည်ပက လုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။