ARSA အကြမ်းဖက်အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်က လက်သင့်မခံဟု ပြော


2017.09.21
arsa-622.jpg Arakan Rohingya Salvation Army (ARSA) အဖွဲ့မှ အစွန်းရောက် အကြမ်းဖက်သမားတွေကို တွေ့ရစဉ်
Photo: Arakan Rohingya Salvation Army/ Facebook

အာရကန်  ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA ဟာ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့ရဲ့ ဘုံရန်သူဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာရဲ့ နိုင်ငံရေးအကြံပေး ဟူစိန် အီမန်က ပြောလိုက်ပါတယ်။

ထောက်လှမ်းရေးသတင်းတွေအရ ARSA ဟာ ဘင်္ဂလားဒေ့ရှ်က ဂျမတ် အယ် မူဂျာဟေဒင် အကြမ်းဖက်အဖွဲ့၊ ပါကစ္စတန်က လက်ရှာခါ အီ တိုင်ဘာ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်ပတ်သက်နေတယ်လို့လည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အနေနဲ့ အကြမ်းဖက်ဝါဒကို လုံးဝသည်းမခံကြောင်း၊ အရင်အစိုးရတွေလက်ထက် အိန္ဒိယ အရှေ့မြောက်ပိုင်းက သူပုန်အဖွဲ့မျိုးစုံ မိမိတို့နိုင်ငံတွင်း ဝင်ရောက်ခိုအောင်းနေခဲ့ကြပေမယ့် ရှိတ် ဟာဆီနာ အစိုးရ လက်ထက်မှာ အားလုံးကိုမောင်းထုတ်ပစ်ခဲ့ကြောင်း၊ အခုလည်း ARSA အကြမ်းဖက် အဖွဲ့ကို လုံးဝလက်သင့်ခံမှာမဟုတ်ကြောင်းလည်း ပြောဆိုပါတယ်။

ဒါ့ပြင် ရိုဟင်ဂျာပြဿနာဟာ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံလုံးရဲ့ လုံခြုံရေး ပြဿနာဖြစ်ကြောင်း၊ ရိုဟင်ဂျာ ဂျီဟတ်အဖွဲ့တွေကို မြန်မာနဲ့ ပူးပေါင်းနှိမ်နင်းဖို့၊ နယ်စပ်တလျောက် ပူးပေါင်းကင်းလှည့်ကြဖို့ မြန်မာကို ကမ်းလှမ်းခဲ့ပေမယ့် မြန်မာဘက်ကမတုန့်ပြန်သေးကြောင်းလည်း ဟူစိန် အီမန် က ပြောပါတယ်။

ဒီအတွင်း အိန္ဒိယက မြန်မာကို ကာကွယ်ရေးပစ္စည်းတွေထောက်ပံ့ဖို့ ပြင်ဆင်နေပါတယ်။ မြန်မာရေတပ် အကြီးအကဲ အိန္ဒိယကို လာရောက်ခဲ့စဉ်အတွင်း လက်နက်ထောက်ပံ့ရေး ဆွေးနွေးခဲ့ကြတဲ့အတိုင်း၊ လက်နက် ပစ္စည်းထောက်ပံ့ရေး၊ မြန်မာရေတပ်သားတွေကို လေ့ကျင့်ပေးရေးတွေ အကောင်အထည်ဖေါ်ဖို့ဖြစ်တယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

ဒီအတွင်း ရခိုင်ပြည်နယ်က ထွက်ပြေးလာသူတွေထဲက လူနှစ်ထောင်ကျော်မှာ သေနတ်ဒဏ်ရာ၊ မိုင်းထိဒဏ်ရာ၊ ဓါးဒဏ်ရာတွေ ရရှိခဲ့ကြလို့ ဆေးရုံတွေမှာ ကုသပေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုကြောင်း အေအက်ပီသတင်းက ဖေါ်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။