ဆီဆိုင်မှာ လက်နက်ကြီးကြောင့် ရွာဆယ်ရွာက ဒေသခံတွေ ထွက်ပြေးရ
2024.02.10

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ကျေးရွာဆယ်ရွာက အရပ်သားတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ ဘန်းယဉ်ကျေးရွာအုပ်စု၊ လွယ်ပွတ်ကျေးရွာအုပ်စုနဲ့ ဆိုက်ခေါင်ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။
လက်နက်ကြီးတွေ ကျရောက်နေတာကြောင့် ဒေသခံတွေ ဖေဖော်ဝါရီလ ၈ ရက်ကစလို့ ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဘန်းယဉ်၊ ဆိုက်ခေါင်၊ လွယ်ပွတ်ကျေးရွာအုပ်စုတွေက ဒေသခံတွေ ပြေးနေရတာပါ။ စုစုပေါင်းဆို ရွာဆယ်ရွာလောက်တော့ရှိမယ်”
စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်နေတယ်လို့ သူက ပြောပါတယ်။
ထွက်ပြေးနေရတဲ့ ဒေသခံ အရေအတွက်ကို မသိရသေးပါဘူး။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရတော့ ဘန်းယဉ်ကျေးရွာအုပ်စု၊ လွယ်ပွတ်ကျေးရွာအုပ်စုနဲ့ ဆိုက်ခေါင်ရွာတွေမှာ ဒေသခံ သုံးသောင်းကျော် နေထိုင်ပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ရာမှာလည်း စက်ပိတ်ထားပါတယ်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ကတော့ ဖေဖော်ဝါရီလ ၈ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ၁၆ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၉ ရက်က ထုတ်ပြန်ပါတယ်။
ဆီဆိုင်မြို့ကို PNLA ထိန်းချုပ်ပြီးနောက် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးကျောင်း ငါးကျောင်း၊ ဓမ္မာရုံ တစ်ခု၊ ဘုရားရှိခိုးကျောင်း တစ်ကျောင်း၊ စာသင်ကျောင်းတစ်ခုနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။