ဘဏ်တွေကို စစ်ကောင်စီတပ်တွေ ဖောက်ထွင်းသွားကြောင်း TNLA ထုတ်ပြန်
2024.07.05

မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ခြမ်းမှာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်တွေက ဘဏ်တွေကိုဖောက်ထွင်းပြီး ငွေသားနဲ့ ကျောက်မျက်ရတနာ စုစုပေါင်း တန်ဖိုး ကျပ်သိန်းနှစ်သောင်းဝန်းကျင် ယူဆောင်သွားတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဇူလိုင်လ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဇွန်လ ၂၇ ရက်နေ့က TNLA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေဟာ စစ်ကောင်စီတပ်စွဲထားတဲ့ ဒေါ်နန်းကြည်တောင်စခန်း၊ ရွှေလိပ်ပြာစခန်း၊ ရွှေမျက်ဝန်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သားတွေက မြို့တွင်းမှာရှိတဲ့ ကျပ်ပြင်ရဲစခန်းနဲ့ ဘဏ်တွေမှာ ထွက်ပြေးခိုအောင်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေရာတွေအထိ လိုက်လံတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သားတွေက သူတို့ပုန်းခိုနေတဲ့ KBZ ဘဏ်နဲ့ CB ဘဏ်တွေကနေ ငွေသားနဲ့ ကျောက်မျက်ရတနာတွေ ယူဆောင်သွားတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လက်ရှိ မိုးကုတ်မြို့အနောက်ခြမ်းကို TNLA၊ မိုးကုတ်ဗျူဟာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၅၁၃)၊ မိုးကုတ်(ပကဖ) တို့ ထိန်းချုပ်ထားပြီး မြို့တွင်းမြင်ကွင်းကိုလည်း TNLA က ထုတ်ပြန်ထားပါတယ်။
မိုးကုတ်မြို့တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။
TNLA ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။
ဇွန်လ ၂၅ ရက်နေ့ကစတင်တဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေအပြင် မန္တလေးတိုင်းအတွင်းက မတ္တရာ၊ မိုးကုတ်၊ စဉ့်ကူးမြို့တွေမှာလည်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတာဖြစ်ပါတယ်။