အကြွေးမဆပ်နိုင်သူ လယ်သမား တစ်သောင်းခွဲကို တရားစွဲဆိုမည်
2014.11.07

ဧရာဝတီတိုင်းက စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်နိုင်တဲ့ လယ်သမား တစ်သောင်းငါးထောင်လောက် ကို မြေနဲ့အခွန်တော် ဥပဒေအရ တရားစွဲဆိုဖို့ ပြင် ဆင်နေကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ဒီနေ့ ပြောပါတယ်။
ပုသိမ်၊ ဟသာၤတ၊ မြောင်းမြ၊ မအူပင်နဲ့ ဖျာပုံခရိုင်က အကြွေးပေးစရာရှိတဲ့ လယ်သမား တစ်သောင်း ငါးထောင်လောက်ကို ဘယ်နေ့နောက်ဆုံးထားပေး ရမယ်ဆိုပြီး အကြောင်းကြားစာထုတ်ပြန်ထားပေမယ့် လယ်သမားတွေက မပေးခဲ့တာကြောင့် အခုလို တရားစွဲဖို့စီစဉ်တာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေ သကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးခင်မောင်လွင်က ပြောပါတယ်။
"ကျနော်တို့ ဥပဒေပုဒ်မမှာ ပါပြီးသားပါ၊ ဝရမ်းမကပ်ခင် သတိပေးအကြောင်းကြားစာ ထုတ်ပြန်တယ်၊ ဝေးရင် နှစ်ပတ်၊ သုံးပတ်၊ နီးရင် တစ်ပတ်ပေးပြီးတော့ လာဆပ်ခိုင်းတယ်၊ လာမဆပ်တော့မှ ဝရမ်းအဆင့်ကိုရောက် တယ်၊ ကျနော်တို့ အခုတောင်းနေတဲ့အကြွေးတွေက ၂ဝ၁၂ ခုနှစ်ကတည်းက အကြွေးတွေပါတယ်၊ မနှစ်က လည်း စပါးဈေးကောင်းတယ်၊ ရာသီဥတုမပျက်ဘူး၊ မနှစ်ကအကြွေးလည်း မဆပ်ဘူး၊ တနှစ်ကအကြွေးလည်း မဆပ်ဘူး၊ သတ်မှတ်ပေးထားတဲ့ရက်တွေက ခြောက်လ၊ ခုနှစ်လကျော်လာပြီး တချို့ဆို တစ်နှစ်ကျော်လာပါပြီ ခင်ဗျ၊ နောက်ဆုံးရက် ဘယ်လိုဘယ်ညာပြောပေမယ့် လယ်သမားဦးရေက များနေတဲ့အတွက် ကျနော်တို့ဝန်ထမ်း ဦးရေက ၃၉၀ ပဲရှိတယ်၊ အမှုဖွင့်ရမှာ သောင်းဂဏန်းတောင်ကျော်တယ်"
လက်ရှိမှာ မအူပင်မြို့နယ်က စိုက်ပျိုးစရိတ်ချေးငွေမပေးနိုင်တဲ့ လယ်သမား ၁ဝဝ ကျော်ကို လိမ်လည်မှု ပုဒ်မ ၄၂ဝ နဲ့ အမှုဖွင့်ထားတယ်လို့ ဦးခင်မောင်လွင်က ဆိုပါတယ်။
ပြီးခဲ့တဲ့၂ဝ၁၂ နဲ့ ၂ဝ၁၃ ခုနှစ်အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ချေးငွေသန်းပေါင်း ၉ ထောင်နီးပါး ကို ချေးပေးထားပြီး လယ်သမား တစ်သောင်းငါးထောင်က စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်နိုင်တာဖြစ်တယ်လို့ သိရပါတယ်။