ကုလအကြီးအကဲ နေပြည်တော် အာဆီယံထိပ်သီး ညီလာခံ တက်ရောက်မည်
2014.11.08

မြန်မာနိုင်ငံ နေပြည်တော်မှာ ရှေ့သီတင်းပတ် ဗုဒ္ဓဟူးနေ့ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတက်ရောက် မယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။
မစ္စတာဘန်ကီမွန်းဟာ သမ္မတ ဦးသိန်းစိန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့လည်း သီးခြားစီတွေ့ဆုံဖို့ရှိပြီး၊ ၂၀၁၅ ရွေးကောက် ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ပိတ်ပင် ထားတဲ့ကိစ္စ၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင် အရေးကိစ္စတွေကို ဆွေးနွေးမယ်လို့ သိရပါတယ်။
မစ္စတာဘန်ကီမွန်းဟာ မြန်မာနိုင်ငံက ထွက်ခွာ ပြီးနောက် သြစတြေးလျနိုင်ငံ ဘရစ္စဘိန်းမြို့မှာ နိုဝင်ဘာ ၁၅ နဲ့ ၁၆ ရက်တွေမှာကျင်းပမယ့် G-20 စက်မှု ထိပ်သီးနိုင်ငံ ၂၀ ခေါင်းဆောင်များညီလာခံကို တက်ရောက်မယ်လို့ ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ် Stephane Duaarric က ပြောပါတယ်။
ဒီအတောအတွင်း နေပြည်တော်မှာ အာဆီယံထိပ်သီးညီလာခံ တက်ရောက်လာကြမယ့် နိုင်ငံအသီးသီး က ခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခြေအနေအမှန်နဲ့ မြန်မာလူထု ဆန္ဒသဘောထားတွေကို ပိုပြီးသတိပြုမိကြဖို့လိုမယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။
ဒီအကြောင်း RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။