ဗန်းမောက်မှာ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ

RFA Burmese
2023.05.22
ဗန်းမောက်မှာ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ ဗန်းမောက် ပြည်သူ့ကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
Banmauk Revolution - BR

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ကြောင်လည်ကျေးရွာမှာ စစ်ကောင်စီတပ်က မေ ၂၀ ရက်နေ့က စတင်ပြီး ဒီနေ့အထိ လေယာဉ်နဲ့ သုံးရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဗန်းမောက် PDF နဲ့ နီးစပ်သူ ဒေသခံတစ်ဦးက ပြောပါတယ်။

ဗန်းမောက်မြို့နယ် ကြောင်လည်နဲ့ မံထွန်ကျေးရွာဘက်မှာ စစ်ကောင်စီတပ်၊ ရှမ်းနီ အမျိုးသား တပ်မတော် (SNA) တပ်တွေနဲ့ PDF တွေ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး အဲဒီ တိုက်ပွဲဖြစ်ပွားတဲ့နေရာကို ဗုံးလာကြဲတာဖြစ်တယ်လို့လည်း ပြောပါတယ်။

“မေ ၂၀ ကလည်း လာကြဲတယ်။ မနေ့က နှစ်ကြိမ်တိုင်တိုင် လာကြဲတယ်။ ဒီနေ့မနက်လည်း ကြဲတယ်ဆိုရင် သုံးရက်ဆက်တိုက်ရှိပြီ။ ဗန်းမောက် အနောက်ခြမ်း ဘက်ကို ကြဲတာ။ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ ကြဲတာ။ တိုက်ပွဲက ကြောင်လည် ဘက်မှာ ဖြစ်နေတာ။ တိုက်ပွဲက ပုံမှန်လိုဖြစ်နေတာ ၅ ရက်လောက်တစ်ခါ”

ဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့အတွက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးထိခိုက်မှု အခြေအနေကိုတော့ အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ကြောင်လည်၊ မံထွန်၊ မံစီကြီး၊ မံလူ၊ ကံကြီးကုန်း အစရှိတဲ့ ဗန်းမောက်အနောက်ဘက်ခြမ်းက ကျေးရွာတွေမှ ပြည်သူတစ်သောင်းကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။

ဗန်းမောက်မြို့နယ် တိုက်ပွဲအခြေအနေတွေကိုသိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဘက်ကလည်း တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့အတွက် ဗန်းမောက်မြို့ပေါ်က ရှောင်တိမ်းဖို့ စာပစ်သတိပေးထားတာတွေရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဗန်းမောက်မြို့နယ်မှာ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က စပြီး စစ်ကောင်စီ တပ်မ (၇၇)၊ တပ်မ (၉၉)နဲ့ သူတို့ လက်အောက်ခံ ရှမ်းနီတပ်တွေက အင်အားအတော်များများနဲ့ စစ်ကြောင်းထိုးခဲ့ပြီး ဧပြီ ပထမပတ်အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့သလို ‌လေကြောင်းဖြင့် တိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။