ဗန်းမောက်မြို့နယ် ကြောင်လည်ရွာ လေကြောင်းတိုက်ခိုက်ခံရမှု အရပ်သားတစ်ဦး သေဆုံး
ဗန်းမောက်မြို့နယ် ကြောင်လည်ရွာမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွင့်လှစ် ထားတဲ့ ဆေးရုံကို အောက်တိုဘာ ၂၁ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ နေ့လယ် ၁ နာရီဝန်းကျင်မှာ လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားတစ်ဦး နေရာမှာတင် သေဆုံးခဲ့သလို ဆေးရုံအဆောက်အအုံနဲ့ ဆေးပစ္စည်းတွေ ထိခိုက်ပျက်စီးသွား တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဆေးရုံကို ပစ်သွားတဲ့အခါမှာ အဆောက်အအုံ တစ်ခြမ်းလောက် ပျက်စီးသွားတယ်။ ပြီးရင် ဆီပီပါတွေ မီးလောင်တယ်။ ဆေးပစ္စည်းတွေလည်း တော်တော်ပျက်စီးသွားတယ်။ လောလောဆယ်တော့ ဒေသခံ တစ်ယောက် သေသွားတယ်လို့ပဲ သိထားတယ်ပေါ့”
သေဆုံးသွားသူရဲ့ ကိုယ်ရေးအချက်အလက်တွေကို မသိရသေးဘဲ လက်ရှိအချိန်ထိ ဗုံးဒဏ်ကြောင့် နောက်ထပ် သေဆုံးထိခိုက်သူတွေ ရှိ၊ မရှိ ဆက်လက်စုံစမ်းနေတယ်လို့ သူက ဆိုပါတယ်။
ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ကြောင်လည်ရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး တိုက်ပွဲကြောင့် တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တချို့ ခိုလှုံနေတဲ့ရွာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင် ကို RFA က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။
အောက်တိုဘာ ၂၀ ရက် မနေ့ကလည်း ဗန်းမောက်မြို့နယ် မံယူးကြီးရွာမှာ ကိုယ်ထူ ကိုယ်ထစနစ်နဲ့ တည်ဆောက်ထားတဲ့ ဆေးရုံမှာ ဒေသခံတွေ စုပေါင်းလုပ်အားပေးနေချိန် မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငါးဦးပါအဝင် ဒေသခံတချို့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာလည်း အောက်တိုဘာလ ၁၈ ရက် နေ့ကစပြီး စစ်ကောင်စီတပ်က လေကြောင်းက နေတိုက်ခိုက်ခဲ့တာကြောင့် အောင်းကုန်း၊ နန့်သာ၊ အင်ပင် စတဲ့ ကျေးရွာတွေက ဒေသခံ ၃၀၀၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရ ပါတယ်။