ဗန်းမောက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ထိခိုက်သေဆုံးမှုရှိ

2022.10.21
ဗန်းမောက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ထိခိုက်သေဆုံးမှုရှိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အင်းတော်မြို့နယ် အောင်းကုန်းရွာမှ နေအိမ်တစ်လုံးအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
Photo: Indaw Revolution-IR

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် မံယူးကြီးရွာကို အောက်တိုဘာ ၂၀ ရက် မနေ့က ညနေ ပိုင်းမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးသီးချတိုက်ခိုက်တာကြောင့် ကျေးရွာ ကိုယ်ထူကိုယ်ထဆေးရုံမှာ လုပ်အားပေးနေတဲ့ အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင်ကတည်းက ကိုယ်ထူကိုယ်ထစနစ်နဲ့ တည်ဆောက်နေတဲ့ ကျေးလက်ဆေးရုံကို အောက်တိုဘာ ၁၉ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကူအညီနဲ့ ဆေးရုံဖွင့်ပွဲပြုလုပ်ခဲ့ပြီး မနေ့က ဆေးရုံ သန့်ရှင်းရေးအတွက် ဒေသခံတွေ စုပေါင်းလုပ်အား ပေးနေချိန်မှာ ဗုံးကြဲတိုက်ခိုက်ခံရတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဆေးရုံ ဖွင့်ပွဲက ၁၉ ရက်နေ့က လုပ်တာ။ ၂၀ ရက်နေ့ကိုကျတော့ ဆေးရုံကို သန့်ရှင်း ရေးကအစ လုပ်အားပေးအနေနဲ့ လုပ်နေတာပေါ့။ လုပ်အားပေးဆိုတော့ အကျွေးအမွေး လည်း ပါတယ်။ အဲအချိန်မှာပဲ ညနေ ၃ နာရီလောက်မှာ လေယာဉ်နဲ့ လာကြဲသွားတာ”

လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်မာချိုဟာ နေရာမှာတင် သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေထဲမှာ အသက် ၁၄ နှစ်အောက် ကလေးသူငယ် ငါးဦးအပါ အဝင် နောက်ထပ် ထိခိုက်ဒဏ်ရာရ သူတွေလည်း ရှိနေတယ်လို့ သူက ဆိုပါတယ်။

လေယာဉ်ဗုံးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့ ဒေသခံ အရေအတွက် အတိအကျနဲ့ နာမည်တွေကို ဆက်ပြီး စုံစမ်းအတည်ပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေး သလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဖုန်း နဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာလည်း အောက်တိုဘာလ ၁၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အောင်းကုန်း၊ နန့်သာ၊ အင်ပင် စတဲ့ ကျေးရွာတွေက ဒေသခံ ၃၀၀၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရတယ် လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။