ကိုရိုနာကာလမှာ အခြေခံလူတန်းစား အများအပြား အပြင်ထွက် အလုပ်လုပ်နေရ
2020.04.14
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အရေအတွက် များပြားလာပေမယ့် အခြေခံလူတန်းစား အများအပြားကတော့ ဝမ်းရေးအတွက် အပြင်ထွက်ပြီး အလုပ်လုပ်နေရဆဲပါ။
မလိုအပ်ဘဲ အပြင်မထွက်ဖို့ သတိပေးထားချက်ကို သိရှိပြီး ဗိုင်းရပ်စ်ပိုး ကူးစက်မှာကို ကြောက်ပေမယ့်လည်း မိသားစု စားဝတ်နေရေးကလည်း အရေးကြီးတယ်လို့ သူတို့က ပြောကြပါတယ်။
ဧပြီလကုန်အထိ သင်္ကြန်ပွဲတော်အပါအဝင် လူစုလူဝေး၊ အခမ်းအနားတွေကို တားမြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး က အမိန့်ထုတ်ထားသလို ရန်ကုန်တိုင်းအစိုးရကလည်း အစားအသောက်နဲ့ ဆေးဝါးဝယ်ဖို့ကလွဲပြီး အပြင် မထွက်ကြဖို့ ရပ်ကွက်တွေထဲအထိ လိုက်လံကြေညာနေပါတယ်။
ဒီအခြေအနေမှာ တစ်နေ့လုပ် တစ်နေ့စား အခြေခံလူတန်းစားအများအပြားအတွက်ကတော့ မိသားစု စားဝတ်နေရေးက ပိုအရေးကြီးနေပါတယ်။
စမ်းချောင်းမြို့နယ်မှာ အုန်းသီးရောင်းတဲ့ ဦးကျော်မင်းက မိသားစုတွေစားဖို့နဲ့ အိမ်လခပေးစရာ ရှိနေလို့ ရောဂါမကြောက်ဘဲ ငတ်မှာပဲကြောက်တယ်လို့ ပြောပါတယ်။
"ရောဂါမကြောက်ဘူး ငတ်မှာပဲကြောက်တယ်၊ ဈေးမရောင်းရရင် ဒုက္ခရောက်တာပေါ့ သားအမိ လေးယောက်ရှိတယ်၊ သားသမီးတွေရဲ့ စားဝတ်နေရေးရှိတာကိုး အိမ်လာစာတွေနဲ့၊ ဒီဝေခြမ်းတွေဘာတွေက သူများတွေရတယ်လေ ကိုယ်တွေကရတာမဟုတ်ဘူး၊ ဆိုက်ကားသမားတွေရတယ် ဈေးသည်တွေ ရတာမဟုတ်ဘူး၊ အဲ့တာကြောင့်မလို့ ထွက်နေရတာ၊ စားဝတ်နေရေးကရှိသေးတယ်။"
ရောဂါကူးစက်မှု ဟန့်တားဖို့ လူတိုင်း လူတိုင်းကို အိမ်ထဲမှာနေစေချင်တဲ့ အစိုးရက နှစ်စဉ်ကျင်းပနေကျ ရိုးရာသင်္ကြန်ပွဲတော်လည်း ဒီနှစ် ရပ်နားထားပါတယ်။
"(PTC) ဒါကတော့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ မြင်နေရတာပဲဖြစ်ပါတယ်၊ မနှစ်က သင်္ကြန်မှာတော့ မဏ္ဍပ်တွေနဲ့ သင်္ကြန်လည်တဲ့သူတွေနဲ့ စည်းကားနေတဲ့နေရာဖြစ်ပါတယ်၊ ဒီနှစ်မှာတော့ မြင်တဲ့အတိုင်းပဲ ကားအသွားအလာလည်း မရှိသလောက်နည်းပါတယ်၊ လူအသွားအလာလည်း မရှိသလောက်နည်းပါတယ်"
နာရေးကူညီအမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ဓာတ်ပုံမှာ “အိမ်မှာနေမလား၊ ငါလာခေါ်ရမလား” ဆိုတဲ့ စာတန်းထိုးထားတဲ့ ပုံတွေကို လူမှုကွန်ရက် မီဒီယာမှာ ဖြန့်ဝေ သတိပေးသူ အများအပြား ရှိနေပါတယ်။
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ သစ်သီးရောင်းတဲ့ ဒေါ်ချိချိုမာကတော့ ဦးကျော်သူပဲ လာခေါ်ပါစေတော့လို့ ပြောပါတယ်။
"ဗိုင်းရပ်စ်ကိုကြောက်နေရင် မိသားစုငတ်သွားမှာပေါ့ ၊ ဒါပေမဲဲ့ ဦးကျော်သူပြောသလိုပဲ အိမ်မှာနေမလား သူလာခေါ်ရမလားဆို သူပဲလာခေါ်လိုက်တော့ အိမ်မှာတော့မနေနိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ စားဖို့သောက်ဖို့ ရှိသေးတယ်လေ၊ အဲအတိုင်းပဲ ဒီအတိုင်းပဲ ရတဲ့ဟာလေးပဲ ရောင်းပီးတော့စားရမှာပဲ၊ အိမ်မှာထိုင်နေလို့ မှမရတာ၊ အိမ်လစာလည်းရှိတယ်၊ စားဝတ်နေရေးကလည်း ရှိသေးတယ်လေ"
ဗဟိုလမ်းမပေါ်မှာ နေ့စဉ် ကြက်သားကင်ရောင်းတဲ့ ဦးစိုးမင်းကလည်း ဗိုင်းရပ်စ်ကူးမှာကို စိုးရိမ်သလို စားဝတ်နေရေး အဆင်မပြေမှာကိုလည်း စိုးရိမ်တယ်လို့ ပြောပါတယ်။
"မိသားစုစားဝတ်နေရေး အဆင်မပြေလို့ပါ၊ မထွက်ရဘူးဆိုလည်း အခြားအလုပ်ရှာလုပ်ရမှာပဲ ဒီအလုပ်မလုပ်လဲ၊ ဒါကတော့ ဘယ်သူပဲဖြစ်ဖြစ်ကြောက်တာပေါ့၊ ဒါပေမဲ့ ဘုရးသခင်ထားတဲ့ နေရာနေရမှာပေါ့ ခေါ်ရင်တော့သွားရမှာပေါ့ ဒါပဲရှိတယ်။"
သူတို့လိုပဲ မိသားစုငတ်မှာကြောက်လို့ နေ့စဉ်ပုံမှန် ဈေးရောင်းနေတဲ့သူက ဂွဈေးနားက ကိုဇော်မြင့်လွင်ပါ။
"ကြောက်တယ် ဒါပေမဲ့ ငတ်ပီးသေမှာပိုကြောက်တယ်၊ နားတော့နားချင်တာပေါ့၊ ဒါပေမဲ့ ကိုယ့်ဆီမှာ စားဝတ်နေရေး အဆင်ပြေတယ်ဆိုရင် နားတာပေါ့၊ ဟုတ်တယ်မလား၊ အိမ်ထဲမှာဘယ်သူမှ အသေမခံဘူး၊ မစားပဲအသေခံမလား လုပ်ရင်းနဲ့ သူ့ဘာသာသေသွားတာတော့ တစ်မျိုးပေါ့၊ ကလေးလေးယောက်နဲ့ မိသားစုခြောက်ယောက်ရှိတဲ့အခါကြတော့ နေဖို့လည်းပူရတယ်၊ စားဝတ်နေရေး အဆင်မပြေတဲ့အခါကြတော့ တစ်နေ့လုပ်မှ တစ်နေ့စားရတာဆိုတော့ မဖြစ်မနေထွက်လုပ်ရတာပဲ၊ ကြောက်တာပေါ့ ဘယ်သူက သေမှာကိုမကြောက်ပဲနေမလဲ၊ ဒါပေမဲ့ လောလောဆယ် စားဝတ်နေရေးအဆင်မပြေတော့ ငတ်မှာက ပိုကြောက်တယ်လေ၊ သားသမီးတွေငတ်မှာရော သားမယားတွေငတ်မှာရော၊ဒီအတွက်ကတော့ အရဲစွန့်ပြီးထွက်လုပ်ရတာပဲ၊"
သူတို့အားလုံးဟာ တစ်နေ့လုပ်တစ်နေ့စား အခြေခံလူတန်းစားတွေဖြစ်တဲ့အတွက် ဗိုင်းရပ်စ်ကူးစက်မှု များပြားလာနေတဲ့ ဒီနေ့ ကာလမှာ အိမ်လခ၊ မိသားစု စားဝတ်နေရေးတို့က နေ့စဉ်ဘဝမှာ အရေးကြီးနေတာပါ။
စမ်းချောင်းမြို့နယ် ကျိုက်လတ်လမ်းထိပ်မှာ ဆိုက်ကားနင်းနေတဲ့ ဦးမျိုးသိန်းတို့ သားအဖနှစ်ယောက်ရဲ့နောက်မှာ သားသမီးနဲ့မြေး စတဲ့ မိသားစုဝင် ၁၅ ယောက်လောက်ရှိတဲ့အတွက် နောက်ရက်တွေ ဘယ်လိုဖြစ်လာမယ်ဆိုတာ သူလည်း သေချာမသိပါဘူး။
"အခုလောလောဆယ်ကတော့ ဟိုကပေး ဒီကပေးနဲ့ နဲနဲတော့မှေးလို့ရသေးတယ်၊ ကြာရင်တော့ မှေးလို့ရနိုင်မှာမဟုတ်တော့ဘူး၊ ဟိုရပ်ကွက်က လာမယ်ဆိုတာလည်း မလာဘူး ဘာမှမလာသေးဘူး၊ ကျွန်တော်တို့ကငှားနေရတာဆိုတော့ အိမ်လခပေးဖို့တွေလည်း ရှိသေးတယ်၊ နောက်စားရေးသောက်ရေး ကလည်း လိုအပ်တယ်"
ဧပြီလ ၁၀ ရက်နေ့ကနေ ၁၉ ရက်နေ့အတွင်း နေအိမ်တွေမှာပဲနေကြတဲ့ ကာလမှာ အခြေခံလူတန်းစားတွေကို အခြေခံ စားသောက်ကုန်တချို့ ထောက်ပံ့ပေးမယ်လို့ အစိုးရက ကြေညာထားပါတယ်။ နိုင်ငံအနှံံ့မှာ ဒီလို အရေးပေါ်ထောက်ပံ့ခြင်းဟာ အာဏာပိုင်တွေအတွက် ပထမဆုံး အတွေ့အကြုံ ဖြစ်နေပါတယ်။ အခုချိန်အထိတော့ ဝင်ငွေနည်းမိသားစုတွေဆီ အကူအညီရောက်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
အခြေအနေကြောင့် အိမ်တွင်းအောင်းနေကြရမယ့်ကာလမှာ အခြေခံစားသောက်ကုန်ပစ္စည်းတွေကို အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးသူတချို့ ရှိသလို စေတနာရှင်တွေ စုပေါင်းပြီး စားသောက်ကုန် လိုက်လံလှူပေးနေတာတွေလည်း ရှိပါတယ်။
ရောဂါကူးစက်မှာလည်း ကြောက်တယ်၊ သူများတွေနားသလို ဆိုင်ပိတ်ပြီးနားချင်ပေမယ့် မနားနိုင်သေးတဲ့ နောက်တစ်ယောက်ကတော့ စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းထိပ်မှာ ကွမ်းယာရောင်းနေတဲ့ ကိုလတ်ပါ။
"ကိုယ်တွေမှာ မိသားစုအခြေအနေကလည်း ရှိတယ်လေ၊ ဘာလို့ဆို အိမ်ငှားခနဲ့ဘာနဲ့ စားဝတ်နေရေးနဲ့ဆိုတော့ သိပ်အဆင်မပြေဘူး၊ အဲတာကြောင့် ထွက်နေရတာ၊ မဖြစ်မနေမလို့ထွက်နေရတာ၊ ပိတ်ချင်တာပေါ့၊ ကြောက်တာပေါ့၊ ကြောက်တယ်ဆိုပေမယ့်လည်း ကိုယ့်မှာမိသားစုရှိနေတော့ ထွက်နေရတာပဲ"
အောက်ခြေက တကယ့်အစစ်အမှန် အခြေခံလူတန်းစား အများအပြားကတော့ မိသားစုစားဝတ်နေရေး၊ အိမ်လခ၊ မီတာခ၊ ရေခ အစရှိတဲ့ အခြေခံလိုအပ်ချက်တွေအတွက် သေမှာကြောက်တဲ့ကြားကပဲ နေ့စဉ် လုပ်နေရဆဲဖြစ်ပါတယ်။