အရာတော်မှာ လက်နက်ကြီးကြောင့် ဒရုန်းတပ်ဖွဲ့ဝင် တစ်ဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရ

RFA Burmese
2023.10.05
အရာတော်မှာ လက်နက်ကြီးကြောင့် ဒရုန်းတပ်ဖွဲ့ဝင် တစ်ဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီး အခြေစိုက်စခန်းတစ်ခု ၂၀၂၃ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရစဉ်။
Danger Force LPDF

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းရွာမှာ အောက်တိုဘာလ ၃ ရက်နေ့က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အရာတော်မြို့နယ် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

လက်နက်ကြီးဟာ တိုက်ခိုက်ရေး မောင်းသူမဲ့ယာဉ် ဒရုန်းထိန်းချုပ်မောင်းနှင်နေတဲ့ တပ်ဖွဲ့ဝင်တစ်ဦးကို တိုက်ရိုက်ထိမှန်ခဲ့တာကြောင့် သေဆုံးခဲ့ပြီး နောက်ထပ် ဒဏ်ရာရသူ ခြောက်ဦးမှာ နှစ်ဦး ဒဏ်ရာပြင်းထန်တယ်လို့ဆိုပါတယ်။

ငွေတွင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေကို ဒရုန်းနဲ့တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန်မှာ စစ်ကောင်စီတပ်ဘက်က လက်ဦးမှုရသွားတာလို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ညနေ ၅ နာရီဝန်းကျင်မှာ ဖြစ်တာပါ။ ဒရုန်းက စုစုပေါင်း ၅ စင်းလွှတ်တာ။ ပထမ တစ်စင်းလွှတ်ပြီး ပြန်လာတဲ့အချိန်မှာ သူတို့လိုက်လာပြီး နေရာသိသွားလို့ လက်ဦးမှု ရသွားတာပေါ့။ ၆၀ မမနဲ့ပစ်သွားတာ”

ဒီတိုက်ခိုက်မှုအတွင်း ကာကွယ်ရေးအဖွဲ့တွေဘက်က ဒရုန်းတစ်စင်းနဲ့ ဒရုန်းမှာတပ်ဆင်တဲ့ ဗုံးသီးတချို့ လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ သူကဆိုပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒရုန်းနဲ့ ဗုံးလာချတဲ့ PDF တွေကို ပြည်သူ့စစ်အဖွဲ့ကတိုက်ခိုက်လို့ PDF အဖွဲ့ဝင် ငါးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အောက်တိုဘာလ ၅ ရက်မှာ သတင်းဖော်ပြထားပါတယ်။

ဒါ့အပြင် ဒရုန်းဗုံးသီး ၁၂ လုံးနဲ့အတူ ဆက်စပ်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရမိကြောင်း ဓာတ်ပုံနဲ့တကွ ဖော်ပြပါတယ်။

စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီးလည်းဖြစ်၊ ရဲချုပ်လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကတော့ နိုင်ငံတစ်ဝန်းမှာ ဒရုန်းအသုံးပြု တိုက်ခိုက်တာတွေ တိုးလာနေပြီး ဒါဟာ အနာဂတ်အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေတယ်လို့ စက်တင်ဘာလက တရုတ်နိုင်ငံမှာကျင်းပတဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံမှာပြောဆိုခဲ့ပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကတော့ ဒီနှစ်ထဲမှာ NUG လက်ထဲ ဒရုန်း အရေအတွက် ပိုများလာနေပြီး နိုင်ငံအနှံ့မှာ ဒရုန်းအစင်းရေပေါင်း ၄၀၀ ကျော်ဖြန့်ထားတယ်လို့ RFA ကို စက်တင်ဘာ ၂၅ ရက်နေ့မှာ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။