တိုက်ပွဲကြောင့် တနင်္သာရီမြို့နယ် ရွာသုံးရွာက ဒေသခံတစ်ထောင်ခန့် ထွက်ပြေးနေရ

RFA Burmese
2023.12.12
တိုက်ပွဲကြောင့် တနင်္သာရီမြို့နယ် ရွာသုံးရွာက ဒေသခံတစ်ထောင်ခန့် ထွက်ပြေးနေရ တနင်္သာရီတိုင်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။
တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်နေတာကြောင့် ဒီဇင်ဘာ ၁၂ ရက် ဒီနေ့အထိ ရွာသုံးရွာက ဒေသခံ တစ်ထောင်ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ အဲဒီရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲစဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကစပြီး ရေဖြူရွာထဲကို လက်နက်ကြီးကျည်တွေ ကျရောက်လာတာကြောင့် ရေဖြူ၊ ထုံခနဲ့ ချောင်းနှစ်ပေါက်ရွာက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

အိမ်ခြေနှစ်ရာခန့်ရှိတဲ့ ရေဖြူရွာက ဒေသခံအားလုံး ထွက်‌ပြေးနေရပြီး အဲဒီအနီးမှာရှိတဲ့ ရွာနှစ်ရွာက ဒေသခံအချို့လည်း လက်နက်ကြီးကျည်ကျမှာ စိုးရိမ်တာကြောင့် ကြိုတင်ရှောင်တိမ်းနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဖြူရွာနဲ့ တစ်မိုင်ကျော်အကွာမှာရှိတဲ့ စစ်ကောင်စီတပ်ဗျူဟာကုန်းကို ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဒေသခံကာကွယ်ရေးတပ်တွေက ရေဖြူရွာအနီးကနေ လက်နက်ကြီးနဲ့ ပစ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီနောက်ပိုင်း ရေဖြူရွာထဲကို စစ်ကောင်စီတပ်ကပြန်ပစ်တဲ့ လက်နက်ကြီးကျည် ကျလာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ (ဒေသကာကွယ်ရေးတပ်) တွေ ရွာနားရောက်လာပြီးတော့ လာပစ်တာ ဗျူဟာကုန်းကို။ လာပစ်တော့ ဟိုဘက်ကလည်း ပြန်ပစ်တာပေါ့။ လက်နက်ကြီးတွေ ကျလာတော့ တစ်ရွာလုံးထွက်ပြေးရတာ”

ဒေသခံတွေ ထိခိုက်သေဆုံးမှု မရှိပေမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့အထိ နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေဆဲပဲလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ အောက်တိုဘာ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ရှစ်သောင်းနှစ်ထောင်ကျော် အထိ ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။