ကချင်မှာ တိုက်ပွဲပြင်းထန်၊ ရှမ်း SSA၊ တအာင်း TNLA တပ်တွေနဲ့လည်း တိုက်ပွဲဖြစ်ပွား


2015.09.22
govt-army-620.jpg ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်သားတချို့ ကင်းလှည့်နေစဉ်
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် မန်စီမြို့နယ်မှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေအကြား ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့ကစပြီး ဒီနေ့အထိ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံ ၂၀၀ လောက်က မိုင်းခေါင်ကျေးရွာ ကယ်ဆယ်ရေးစခန်းမှာ ထွက်ပြေးခိုလှုံနေကြတယ်လို့ သိရပါတယ်။

နှစ်ဘက်တိုက်ပွဲက ပြင်းထန်နေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိနေတဲ့အတွက် ဂျေဆွမ်း၊ လိုင်ကာနဲ့ မုန်းလူး စတဲ့ ကျေးရွာတွေက အိမ်ထောင်စု ၆၀လောက်ဟာ ထွက်ပြေးလာကြတာဖြစ်တယ်လို့ မိုင်းခေါင်ကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် စစ်ဘေးကယ်ဆယ်ရေးစခန်း တာဝန်ခံ ဦးနော်မိုင်က ပြောပါတယ်။

"စစ်အင်အားက နှစ်ဘက်စလုံးက တင်းမာနေတယ်။ လက်နက်ကြီးနဲ့ နှစ်ဘက်စလုံးထုတယ်။ အခုလည်း အသံမြည် နေတယ်။ အခုဒီမိုင်းခေါင်ရွာထိပ်မှာက စစ်တပ်ဘက်ကပြန်ပြီးမှ သွားနေနေတဲ့ အခြေအနေဖြစ်တယ်။ အခုဒီမနက်က ဒီရွာထိပ်နားမှာဘဲ ရီမုဒ်မိုင်းပြန်ကွဲသွားလို့ တအားဒုက္ခရောက်နေတာပေါ့။ အခုလည်း ပစ်နေတုန်း ဖြစ်နေတာဆိုတော့ ဘယ်လိုဖြစ်လာမယ်ဆိုတာတော့ ကျွန်တော်တို့မသိပါဘူး။ ကျွန်တော်တို့ က နေစရာလည်း မရှိတဲ့အတွက်ကြောင့် တအားဒုက္ခရောက်နေတာပေါ့လေ။ စားစရာလည်းမရှိပြေးလာတဲ့ လူတွေကြီးပဲဆိုတော့ ကျွန်တော်တို့ ချက်ပြုတ်စားသောက်မယ့် အနေအထားမှာလည်း တအားခက်ခဲနေတဲ့ အနေအထားမှာဖြစ်နေတယ်။ အိမ်ထောင်စုက ၆၀ လောက်ရှိပါတယ်။ လူအင်အားကတော့ ၂၀၀ ရှိနေပါတယ်"

အစိုးရတပ်မတော် ခလရ ၁၅၊ ခလရ ၈၆ တပ်တွေနဲ့ ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂နဲ့ တပ်ရင်း ၂၇ တို့ တိုက်ပွဲဖြစ်နေတာပါ။ အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဖားကန့်ဒေသအခြေစိုက် အစိုးရရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဋ္ဌာနချုပ် စကခ-၇ လက်အောက်ခံ တပ်ကြပ်ကြီးတစ်ဦးကို ကေအိုင်အေတပ်ရင်း ၆ တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့လို့ နှစ်ဘက်စစ်ရေးတင်းမာခဲ့ပါတယ်။

ဒါ့အပြင် ဖားကန့်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်တွေမှာလည်း အစိုးရတပ်တွေနဲ့ ကေအိုင်အေတပ်တွေ ဟာ နှစ်ဘက်စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအတောအတွင်း ရှမ်းပြည်နယ်ထဲမှာ အစိုးရတပ်တွေနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းတပ်ဖွဲ့တွေ မနေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တွေနဲ့ အစိုးရတပ်တွေဟာလည်း နေ့စဉ်ဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။