တိုက်ပွဲကြောင့် နှစ်ပတ်ကျော်အတွင်း ထွက်ပြေးရသူ နှစ်သိန်းကျော်လာပြီလို့ UNOCHA ပြော

RFA Burmese
2023.11.15
တိုက်ပွဲကြောင့် နှစ်ပတ်ကျော်အတွင်း ထွက်ပြေးရသူ နှစ်သိန်းကျော်လာပြီလို့ UNOCHA ပြော တိုက်ပွဲကြောင့် လားရှိုးမြို့ပေါ်ကို ထွက်ပြေးခိုလှုံနေရသည့် ဒုက္ခသည်များကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်မြောက်ပိုင်းမှာ စတင်တဲ့ တိုက်ပွဲတွေကြောင့် အောက်တိုဘာ လကုန်ပိုင်းကနေ နိုဝင်ဘာ ၁၄ ရက် မနေ့ကအထိ တိုင်းနဲ့ ပြည်နယ်တွေမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ နှစ်သိန်းကျော်လာပြီလို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က နိုဝင်ဘာ ၁၅ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။

တိုက်ပွဲစတင်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတာလို့ ဆိုပါတယ်။

ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြုံတွေ့ရတဲ့ မြို့ပြနေရာ တွေလည်း များပြားလာသလို ရှမ်းပြည်မြောက်ပိုင်းကနေ တရုတ်နယ်စပ်ကို ရှောင်တိမ်းသူတွေပါ ရှိနေ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့မှာလည်း မြို့ပြနေရာတွေမှာပါ လေကြောင်း တိုက်ခိုက်မှုတွေ အပါအဝင် တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ UNOCHA ကဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေကို အရေးပေါ် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီ အမေရိကန်ဒေါ်လာ တစ်သန်း ထုတ်ပေးနေချိန်မှာပဲ အနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာပါ ထောက်ပံ့ကူညီမှုတွေ တစ်နေ့ထက်တစ်နေ့ လိုအပ်လာတယ်လို့ ဆိုပါတယ်။

လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပေးဖို့ UNOCHA ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲဟာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ နိုဝင်ဘာလ ၉ ရက်က တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုအတွင်း စစ်ကောင်စီနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်ရေးနဲ့ လူသားချင်း စာနာမှု အကူအညီပေးရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ သတင်းစာတွေက နိုဝင်ဘာလ ၁၀ ရက်မှာ ဖော်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။