စစ်ရေးတင်းမာနေတာကြောင့် ချီဖွေမြို့နယ်က မြေရှားသတ္တုလုပ်ငန်းအချို့ ရပ်နား
2024.06.19

ကချင်အထူးဒေသ (၁) ကချင်ပြည်နယ် ချီဖွေမြို့နယ်မှာ စစ်ရေးအခြေအနေ တင်းမာလာတာကြောင့် မြေရှားသတ္တုတူးဖော်မှုတဲ့ လုပ်ငန်းတချို့ ရပ်နားထားကြတယ်လို့ ဒေသခံတွေနဲ့ မြေရှားသတ္တုတူးဖော်သူတွေက ပြောပါတယ်။
စစ်ရေးတင်းမာနေသလို မိုးတွင်းကာလ မြေပြိုတာတွေပါဖြစ်နေတာကြောင့် ဇွန်လဆန်းပိုင်းခန့်ကစတင်ပြီး ရပ်ဆိုင်းလာကြတာလို့ မြေရှားသတ္တုတူးဖော်တဲ့ အလုပ်သမားတစ်ဦးက RFA ကို ပြောပါတယ်။
“အခုတလောက နားနေတာ မိုးတွင်းလည်းဖြစ်၊ တိုက်ပွဲလည်းဖြစ်လာတော့ နားနေကြတယ်။ နယ်ခြားမှတ်တိုင် အမှတ် (၃) ဘက်မှာတော့ တူးနေကြတယ် ကျန်တဲ့ဘက်မှာက ရပ်ထားကြပြီ”
ဇွန် ၄ ရက်နေ့ကလည်း ချီဖွေမြို့နယ် ပန်ဝါမြို့အနီး နယ်ခြားမှတ်တိုင် အမှတ် (၃) ဒေသက မြေရှားသတ္တု တူးဖော်တဲ့လုပ်ကွက်တစ်ခု မြေပြိုကျခဲ့တာကြောင့် လူနှစ်ဆယ်ကျော် မြေစာပုံထဲ မျောပါသွားခဲ့ပါတယ်။
စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် တရုတ်နိုင်ငံသားအများစုရော မြန်မာအလုပ်သမားအများစုပါ ပြန်သွားကြပြီလို့ ဒေသခံတွေက ပြောပါတယ်။
ပန်ဝါဒေသခံတစ်ဦးကလည်း ကချင်အထူးဒေသ (၁) မှာ ဧပြီလကစတင်ပြီး တိုက်ပွဲတွေဖြစ်လာသလို အခုချိန်ထိ စစ်ရေးတင်းမာနေဆဲ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
ဒီအပေါ်တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
၂၀၂၃ ခုနှစ်အတွင်း မြန်မာပြည်ကနေ တရုတ်နိုင်ငံကိုတင်ပို့ခဲ့တဲ့ မြေရှားသတ္တုဟာ အမေရိကန်ဒေါ်လာ သန်း ၁၄၀၀ ကျော်ဖိုး ရှိခဲ့တယ်လို့ တရုတ်နိုင်ငံ အကောက်အခွန်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။