မြဝတီမြို့နယ် မေတ္တာလင်းမြိုင်နဲ့ မယ့်ထော်သလေးဘက်မှာ တိုက်ပွဲတွေဖြစ်

2021.12.19
မြဝတီမြို့နယ် မေတ္တာလင်းမြိုင်နဲ့ မယ့်ထော်သလေးဘက်မှာ တိုက်ပွဲတွေဖြစ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မယ့်ထော်သလေးရွာထဲ လက်နက်ကြီးကျရောက်တာကို ၂၀၂၁၊ ဒီဇင်ဘာ ၁၉ ရက်နေ့ တွေ့ရစဉ်
Photo: Citizen Journalist

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မေတ္တာလင်းမြိုင်ရွာအနီးနဲ့ မယ့်ထော်သလေးရွာတို့မှာ ဒီဇင်ဘာ ၁၉ ရက် ဒီနေ့လယ်ပိုင်းက စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းထားတဲ့အဖွဲ့နဲ့ KNLA၊ KNDO နဲ့ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ အဲဒီဒေသမှာ ရောက်ရှိနေသူတွေက ပြောပါတယ်။

ဒီနေ့လယ် ၁၂ နာရီကျော်ကစလို့ လက်နက်ကြီးတွေနဲ့ စစ်ကောင်စီတပ်ဘက်က စတင်ပစ်ခတ်တယ်လို့ အဲဒီဒေသမှာ ရောက်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူက ဆိုပါတယ်။

"၁၂ နာရီ ကျော်ကျော်က ဖြစ်တာ မေတ္တာလင်းမြိုင်က။ ချနေတုန်းပဲ လက်နက်ကြီးသံ အခုပဲ ထပ်ကြား ရတယ်။ ၆၀ မမ ရော၊ ၁၂၀ ရော၊ ၈၁ တွေရော လက်နက်ကြီးမျိုးစုံ အသံတွေကြားရတယ်"

မယ့်ထော်သလေးဘက်ကိုလည်း စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

မေတ္တာလင်းမြိုင်ရွာမှာ စစ်ကောင်စီတပ်နဲ့အတူ ဗိုလ်မှူး စောမုတ်သုန် ဦးဆောင်တဲ့ (BGF) တပ်နယ် ၃ အမှတ် ၁၀၂၂ က တပ်စွဲထားပြီး မနေ့ကအထိ (KNLA) နဲ့ (KNDO) တို့က အဲဒီနေရာကို ဝိုင်းထားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ မြဝတီမြို့တောင်ပိုင်းက မဲထော်သလေးနဲ့ လေးကေ့ကော်ဘက်ကို KNLA၊ KNDO နဲ့ PDF တို့က အတန်သင့် ထိန်းချုပ်ထားနိုင်ပြီး လေးကေ့ကော် ဗျုဟာကုန်း (အမြှောက်ကုန်း) က စစ်ကောင်စီ တပ်သားတွေ ဟာ ရိက္ခာပြတ်လတ်နေတဲ့အထိ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်ဟာ မြဝတီမြို့ကို မနေ့ညပိုင်း က ရောက်ရှိလာပြီး သံချပ်ကာ ကားနှစ်စီးအပါအဝင် စစ်အင်အား ဖြည့်တင်းနေတာ ကြားသိရတယ်လို့ သူက ပြောပါတယ်။

မြဝတီမြို့နယ်ထဲက တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ဝန်းကျင် ထိုင်းနိုင်ငံကို တိမ်းရှောင်နေကြရပြီး သောင်ရင်းမြစ် အနီး တစ်ဝိုက်မှာလည်း စစ်ဘေးဒုက္ခသည်တွေ ရှိနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။