နယ်မြေကျူးကျော်လာရင် တုံ့ပြန်တိုက်ခိုက်မယ်လို့ UWSA ထုတ်ပြန်
2023.11.01

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့က ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ၀ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပါဝင်မှာမဟုတ်ဘူးလို့ UWSA က နိုဝင်ဘာလ ၁ ရက် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဒါ့ပြင် "၀" တပ်ဖွဲ့အနေနဲ့ ပြည်နယ်လုံခြုံရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အပြည့်အဝ ကာကွယ်သွားမှာဖြစ်ပြီး၊ "ဝ" နယ်မြေကို လေကြောင်း၊ ကြည်းကြောင်းကနေ စစ်ရေးအရ ကျူးကျော်လာရင် တုံ့ပြန်တိုက်ထုတ်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
၀ တပ်ဖွဲ့အနေနဲ့ ဘက်မလိုက်ရေးမူကို ကျင့်သုံးပြီး ကိုးကန့်ဒေသက လက်နက်ကိုင်ပဋိပက္ခတွေမှာ ပါဝင်မှာမဟုတ်သလို ၀ ဒေသအတွင်း စစ်ရေးအရ ဝင်ရောက်ဆောင်ရွက်လာတာမျိုးကိုလည်း လက်ခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒီထုတ်ပြန်ချက်မှာပါတဲ့ အချက်အလက်တွေဟာ မှန်ကန်ကြောင်း အမည်မဖော်လိုတဲ့ ၀ တပ်ဖွဲ့ အရာရှိတစ်ဦးက RFA ကို အတည်ပြုပါတယ်။
လက်ရှိ စစ်ရေးပဋိပက္ခမှာ ပါဝင်နေတဲ့ အင်အားစုတွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ပြီး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ကြဖို့ တောင်းဆိုတယ်လို့ ၀ တပ်ဖွဲ့က ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ၀ ဒေသအတွင်း ဝင်ရောက်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီတွေပေးထားတယ်လို့လည်း ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ တိုက်ပွဲတွေစတင်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့မှာပဲ UWSA ၀ တပ်ဖွဲ့ ထိန်းချုပ်တဲ့ နမ့်တစ်မြို့အနီးက ကိုးကန့်ဒေသ ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲကြောင့် ချင်းရွှေ ဟော်မြို့ခံ တစ်သောင်းနီးပါး UWSA ဝတပ်ဖွဲ့ ထိန်းချုပ်ရာ နမ့်တစ်မြို့ မှာဒီနေ့အထိ တိမ်းရှောင်နေရတယ်လို့ ၀ တပ်ဖွဲ့ အရာရှိကပြောထားပါတယ်။
တစ်ချိန်တည်းမှာပဲ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) အခြေစိုက် မိုင်းလားအဖွဲ့လို့ခေါ်တဲ့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ကလည်း သူတို့အနေနဲ့ ဘက်မလိုက်တဲ့မူဝါဒ ကျင့်သုံးပြီး လက်နက်ပဋိပက္ခမှာ ပါဝင်စွက်ဖက်မှာမဟုတ်ကြောင်း၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်သွားမယ့်အကြောင်း နိုဝင်ဘာလ ၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
လက်ရှိ စစ်ဆင်ရေးဖော်ဆောင်နေတဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဟာ UWSA ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးမှု ညှိနှိုင်းရေး ကော်မတီ (FPNCC)မှာ ပါဝင်တဲ့အဖွဲ့တွေ ဖြစ်ပါတယ်။ FPNCC ကော်မတီ အဖွဲ့ဝင်တွေကတော့ UWSA ဝတပ်မတော်၊ KIA ကချင်လွတ်မြောက်ရေးတပ်မတော်၊ NDAA မိုင်းလားတပ်မတော်၊ SSPP ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)၊ AA ရက္ခိုင့်တပ်တော်၊ MNDAA ကိုးကန့်တပ်မတော်နဲ့ TNLA တအာန်းပလောင်တပ်မတော်တို့ ဖြစ်ပါတယ်။