လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ ဘီးလင်းက သာသနိကအဆောက်အအုံတွေ ပျက်စီး

RFA Burmese
2024.01.17
လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ ဘီးလင်းက သာသနိကအဆောက်အအုံတွေ ပျက်စီး ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် မီးလောင်ပျက်စီးနေသည့် နေအိမ်တစ်လုံးအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် KNU မှ ထုတ်ပြန်ထားစဉ်။
Karen National Union

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာထဲကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရွာအနီးက သာလည်ထဘုန်းကြီးကျောင်းနဲ့ သာလည်ထစေတီတော် လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇန်နဝါရီလ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ (၁၅) ရက်နေ့ ည (၇) နာရီက စစ်ကောင်စီတပ်ရဲ့ အမှတ် (၃) ခြေမြန်တပ်ရင်းက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

၂၀၂၃ ဒီဇင်ဘာလကုန်ပိုင်းမှာ စစ်ကောင်စီက အဲဒီနေရာကို Mi-35P တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူနေအိမ်တွေ ထိခိုက်ပျက်စီးနေရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ဝင်းတာပန်ကျေးရွာအနီးမှာအခြေစိုက်တဲ့ စစ်ကောင်စီရဲ့ ဝင်းတာပန်စခန်းအတွက် စစ်ကောင်စီဘက်က လက်နက်ခဲယမ်းတွေကိုလည်း လေယာဉ်နဲ့ လာရောက်ချပေးတာတွေရှိနေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သာသနိက အဆောက်အအုံတွေပျက်စီးခဲ့ဆိုတဲ့ KNU ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

တစ်ဖက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ MNDAA၊ AA နဲ့ TNLA တပ်ဖွဲ့တွေဟာ ရှမ်းပြည်နယ် မူဆယ်မြို့အဝင်က ရပ်တော်မူဘုန်းကြီးကျောင်းကို ဒရုန်းနဲ့တိုက်ခိုက်တာ၊ လောက်ကိုင်ဒေသ စီအောကျေးရွာရဲ့မြောက်ဘက် ဆင်ဦးကင်းတောင်မှာ တည်ထားတဲ့ ဘုရားစေတီတစ်ဆူကို MNDAA တပ်ဖွဲ့ဝင်တစ်ဦးက ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့မှာ ဖျက်ဆီးနေတဲ့ ရုပ်သံဖိုင် ထွက်ပေါ်ခဲ့တာတွေကို စစ်ကောင်စီက ထောက်ပြပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ ဘာသာတရားအပေါ် အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

MNDAA ဘက်ကတော့ ဒီပြောဆိုချက်တွေအပေါ် မဟုတ်မှန်ကြောင်းနဲ့ ဘာသာရေးလွတ်လပ်ခွင့်အပေါ် လေးစားတန်ဖိုးထားကြောင်း တုံ့ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။