ပဲကုန်သွယ်မှု ပုံမှန်ရရှိနိုင်ရေး အိန္ဒိယသံအမတ်နဲ့ ဆွေးနွေး


2017.08.26
beens-export-622 ရန်ကုန်မြို့ UMFCCI မှာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနဲ့ မြန်မာနိုင်ငံ ပဲမျိုးစုံနဲ့ နှမ်းကုန်သည်များအသင်းတို့ သြဂုတ်လ ၂၆ ရက်နေ့က တေ့ွဆုံစဉ်
Photo: UMFCCI-Union of Myanmar Federation of Chambers of Commerce and Industry

မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ပုံမှန်ပဲကုန်သွယ်မှု ရရှိနိုင်ရေးအတွက် နှစ်ဖက်အစိုးရအကြား သဘောတူညီ ချက် ရေးထိုးနိုင်ရေး အမြန်ဆုံးဆောင်ရွက်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနဲ့ ဒီနေ့ ညှိနှိုင်းခဲ့တယ်လို့ UMFCCI က သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့က မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနဲ့ မြန်မာနိုင်ငံ ပဲမျိုးစုံနဲ့ နှမ်းကုန်သည်များအသင်းတို့ တေ့ွဆုံရာမှာ ညှိနှိုင်းခဲ့တာဖြစ် တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကထွက်တဲ့ ပဲတွေကို အိန္ဒိယနိုင်ငံကို တင်ပို့နိုင်ရေး ထပ်မံညှိနှိုင်းဆွေးနွေးဖို့အတွက် ပဲတင်ပို့မှုဆိုင် ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းသွားဖို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိ သူတေနဲ့ ပဲကုန်သည်တွေ မနေ့က ကျင်းပတဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စိုက်ပျိုးနေတဲ့ ပဲစင်းငုံ ၊မတ်ပဲ၊ ပဲတီစိမ်းတို့ကို အိန္ဒိယနိုင်ငံထံ အဓိကထား တင်ပို့နေတာဖြစ်ပြီး အရင်က တစ်နှစ်ကို တန်ချိန် ၁ သန်းခွဲအထိ တင်ပို့နေရတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက ဒီလဆန်းထဲက စပြီး မြန်မာနိုင်ငံက ပဲစင်းငုံ တန်ချိန် ၂ သိန်းနဲ့ ပဲတီစိမ်းနဲ့ မတ်ပဲ တန်ချိန် ၃သိန်း သာ ဝယ်ယူတော့မယ်လို့ ပဲဝယ်ယူမှုမူဝါဒကို ပြောင်းလဲကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ပဲဝယ်ယူမှု မူဝါဒအပြောင်းအလဲကြောင့် လက်ရှိကြုံတွေ့နေရတဲ့ မြန်မာ့ပဲလောက အခက်အခဲ ကို ဖြေရှင်းနိုင်ဖို့အတွက် အစိုးရနဲ့ ပဲကုန်သည်လုပ်ငန်းရှင်တွေ မနေ့က အစည်းအဝေးကျင်းပပြီး ရှေ့ ဆက်ဆောင်ရွက်မယ့် အချက် ၁၀ ချက်ကို သဘောတူခဲ့ကြပါတယ်။

အဲဒီ အစည်းအဝေးဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံက ထွက်တဲ့ပဲတွေကို အိန္ဒိယ တင်ပို့နိုင်ရေးညှိနှိုင်းဆွေးနွေးဖို့ အတွက် ပဲတင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ တစ်ခုကို ဖွဲ့စည်းသွားဖို့၊ အဲဒီကော်မတီကို သက်ဆိုင်ရာဝန်ကြီးဌာနက တာဝန်ရှိသူတွေ ပုဂ္ဂလိကအသင်းအဖွဲ့ တာဝန်ရှိသူတွေ၊ စိုက်ပျိုးထုတ်လုပ်သူတွေနဲ့ ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။

ကော်မတီအနေနဲ့ အိန္ဒိယနဲ့ မြန်မာအကြား ပဲရောင်းဝယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လတ်မှတ်ရေးထိုးနိုင်ဖို့ အိန္ဒိယနဲ့ ဆက်လက်ညှိနှိုင်းဆောင်ရွက်မယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာရှိတဲ့ လက်ကျန်ပဲတွေအပေါ် ပြည်တွင်းဈေးကွက် တည်ငြိမ်စေဖို့အတွက် အစိုးရနဲ့ ပုဂ္ဂလိက စိုက်ပျိုးထုတ်လုပ်သူတွေ ပူးပေါင်းပြီး ဆောင်ရွက်ဖို့နဲ့ မကြာခင် ထွက်လာမယ့် ပဲစဉ်းငုံအတွက် တောင်သူတွေ ထိခိုက်နစ်နာမှုမရှိစေဖို့  တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ စီစဉ်ဆောင်ရွက်သွားဖို့ကိုလည်း ဆုံးဖြတ်ခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံက ပဲဝယ်ယူမှုကို ကန့်သတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ပဲဈေးကွက် အထိနာခဲ့ရပြီး ပဲတွေကို ဈေးနှိမ်ဝယ်ယူ ရောင်းချတာတွေ မဖြစ်စေဖို့အတွက် ရန်ကုန်ဈေးကွက် အပါအဝင် တစ်နိုင်ငံလုံးမှာ ပဲအရောင်းအဝယ်တွေကို သြဂုတ်လ ၂၂ ရက်နေ့ကစပြီး ယာယီရပ်နားထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ပဲကုန်သည်တွေရဲ့ လက်ထဲမှာ ပဲတွေစုဆောင်းထားတာကြောင့် အရှုံးပေါ်နေသလို လာမယ့်အောက်တိုဘာလမှာ ပဲစင်းငုံအသစ်တွေ ထွက်လာဖို့ရှိတာကြောင့် ပဲစိုက်တောင်သူတွေအနေ နဲ့ ရောင်းစရာဈေးကွက် ပျောက်မယ့်အခြေအနေဖြစ်မှာကို စိုးရိမ်မှုတွေရှိနေကြပါတယ်။ ကုန်သည်တွေလက်ထဲ မှာလည်း ပဲလက်ကျန် တန်ချိန်သောင်းနဲ့ချီပြီး ကျန်နေသေးတယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဒုတိယဥက္ကဌ ဦးစိုင်းဘဉာဏ်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။