ဘီးလင်းမှာ တိုက်ပွဲအတွင်း အရပ်သား နှစ်ဦးသေဆုံး၊ ငါးဦး ဒဏ်ရာရ

RFA Burmese
2024.08.19
ဘီးလင်းမှာ တိုက်ပွဲအတွင်း အရပ်သား နှစ်ဦးသေဆုံး၊ ငါးဦး ဒဏ်ရာရ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တစ်နေရာအား တွေ့ရစဉ်။
Ninjastrikers

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၁၇ ရက်နေ့ မနက်ပိုင်းမှာ တောင်ကလေးရွာအနီးက မစော တံတားအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့ချိန် မြင်သာတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့လက်နက်ကြီးဟာ တောင်ကလေးရွာထဲ ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနက်အစောကြီး ငါးနာရီလောက်မှာ တိုက်ပွဲဖြစ်တော့ စစ်ကောင်စီက ပစ်ကူပေးလိုက်တဲ့ လက်နက်ကြီးတွေက တောင်ကလေးရွာထဲက အိမ်လေးအိမ်ပေါ်ကို သွားကျတယ်။ ရွာထဲမှာ ဆွမ်းထချက်နေတဲ့ အမျိုးသမီးကြီး တစ်ယောက်ရယ်၊ ကောင်မလေးတစ်ယောက်ကိုထိပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်။ ကျန်တဲ့ငါးယောက်က ဒဏ်ရာရတယ်”

အသက် ၄၅ နှစ်နဲ့ ၁၉ နှစ်အရွယ် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။ ဒဏ်ရာရသွားတဲ့ အမျိုးသမီးလေးဦးနဲ့ အမျိုးသားတစ်ဦးတို့ကတော့ ဘီးလင်းဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောကြည်နိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁၉၄၂ ဦး) သေဆုံးခဲ့ပြီး ဒဏ်ရာရသူ လေးထောင်နီးပါး (၃၈၆၆ ဦး) အထိ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။