ဘီးလင်းက BGF စခန်းတစ်ခုကို KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်

2021.12.18
ဘီးလင်းက BGF စခန်းတစ်ခုကို KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက် သိမ်းဆီးခံရတဲ့ ဘီးလင်းမြို့နယ်က ကြသောင်းဆိပ် BGF စခန်းကို ၂၀၂၁ ဒီဇင်ဘာ ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: KNU

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က နယ်ခြားစောင့်တပ် BGF ရဲ့ ကြသောင်းစခန်းကို ဒီဇင်ဘာ ၁၇ ရက် မနေ့ ညက ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်း အဖွဲ့တို့က သိမ်းပိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၇ ရက် မနက် ၆ နာရီကစလို့ ကြသောင်းဆိပ်ရွာက BGF-၁၀၁၃ တပ်စခန်းကို ထိုးစစ်ဆင်ခဲ့ပြီး ည ၉ နာရီခွဲမှာ သိမ်းယူခဲ့တာလို့ ဖော်ပြထားပါတယ်။

ဒီတိုက်ပွဲမှာ (PDF) နဲ့ (KNLA) တို့ဘက်က တစ်ယောက်သေ၊ သုံးယောက်ဒဏ်ရာရခဲ့သလို (BGF) ဘက်က စခန်းမှူးအပါအဝင် လေးယောက် ဒဏ်ရာရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကတိုင်ဒိ BGF စခန်းဘက်ကနေလည်း ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အနီးနား ရွာတချို့က နေအိမ် တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ကြသောင်းစခန်းကို မြန်မာစစ်တပ်က ၁၉၉၃ ခုနှစ်မှာ တပ်စွဲခဲ့ပြီးနောက် BGF ကို စခန်းချခိုင်းထားပြီး နှစ်ပေါင်း ၂၈ နှစ်အကြာမှာ အသိမ်းခံလိုက်ရတာ ဖြစ်ပါတယ်။ အဲဒီစခန်းမှာ BGF တပ်သားတွေဟာ မူးယစ် ဆေးဝါးသုံးစွဲတာ ပြန်လည်ရောင်းချတာတွေ လုပ်ဆောင်နေတယ်လို့လည်း KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီ လက်အောက်ခံ BGF ရဲ့ အဲဒီစခန်း သိမ်းပိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိသေးသလို အဲဒီစခန်း ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေတွေကို RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။