ရွေးကောက်ပွဲရလဒ် ကို စောင့်ကြည့်မယ်လို့ အမေရိကန်ထိပ်တန်း အရာရှိပြော


2015.10.21
ben-rhodes-620.jpg မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်အစိုးရ ဒုတိယအမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဘင်ရို့စ် Ben Rhodes (ဝဲဘက်ဒုတိယမြောက်)ဟာ အောက်တိုဘာလ ၂ဝ ရက်နေ့က ရန်ကုန်မြို့မှာ ဘာသာရေးခေါင်းဆောင်တွေရဲ့ တွေ့ဆုံစဉ်
Photo: U.S. Embassy Rangoon Facebook

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အများပြည်သူကို ပြောထားသလို ရွေးကောက်ပွဲအပြီး ရလဒ်ကို အသိအမှတ်ပြုသွားမယ်ဆိုတဲ့အတိုင်း အမေရိကန် အစိုးရအနေနဲ့ စောင့်ကြည့်လေ့လာသွားမယ်လို့ အမေရိကန်အစိုးရ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Ben Rhodes က ပြောကြားလိုက်ပါတယ်။

လာမယ့်ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမယ့်ရလာဒ်ကို တပ်မတော်အနေနဲ့ အသိအမှတ်ပြုသွားမှာဖြစ်ကြောင်း နဲ့ နောင်တက်လာမယ့် အစိုးရနဲ့လက်တွဲ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြောင်း သူက ပြောပါတယ်။ တပ်မတော်က ရလဒ်ကို အသိအမှတ်ပြုမယ် လို့ ဆွေးနွေးဖြစ်သလားလို့ ရန်ကုန်မြို့အမေရိကန်စင်တာမှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ရွေးကောက်ပွဲအပြီး သတင်းထောက် တစ်ဦးက မေးရာမှာ မစ္စတာ Rhodes က ပြောခဲ့တာပါ။

အမေရိကန်သမ္မတ ဘာရက်အိုဘားမားရဲ့ ညွှန်ကြားချက်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိခဲ့တဲ့ မစ္စတာ Rhodes ဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ နေပြည်တော်မှာ အောက်တိုဘာလ ၁၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲဆိုတာ ရှုံးသူနိုင်သူရှိမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံလို နက်နဲသိမ်မွေ့လှတဲ့ အပြောင်း အလဲကိုသွားနေတဲ့နိုင်ငံမှာ ရွေးကောက်ပွဲပြီးရင် ရလာဒ်ကို ကြေညာမယ်၊ ပြီးရင် လွှတ်တော်ကျင်းပ မယ်၊ နိုင်ငံတော်သမ္မတကို ရွေးချယ်မယ်ဆိုတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကိုသွားဖို့ရာ အလွန်အရေးကြီးပါတယ် လို့လည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကို အင်တိုက်အားတိုက်လုပ်ဆောင်နေသလို တစ်ချိန် တည်းမှာလည်း ရွေးကောက်ပွဲပြီးလို့ အန်အယ်လ်ဒီ အနိုင်ရခဲ့ရင် တပ်မတော်အပါအဝင် အဖွဲ့အစည်းပေါင်းစုံနဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့ အများသိအောင် ကြေညာထားကြောင်းနဲ့ လက်ရှိ အာဏာရပါတီဖြစ်တဲ့ ပြည်ခိုင် ဖြိုးပါတီအနေနဲ့လည်း ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး အစိုးရသစ်ဖွဲ့နိုင်အောင် လုပ်ဆောင်သွားဖို့ သံဓိဌာန်ချထားတယ် လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။