စစ်ကောင်စီကို နိုင်ငံခြားအရက်ကုမ္ပဏီတချို့ ဒေါ်လာသန်းချီ အခွန်ပေးဆောင်နေ
2023.04.20

မြန်မာပြည်တွင်းအခြေစိုက် နိုင်ငံခြားအရက်ကုမ္ပဏီတွေ စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်နိုင်အောင် အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ ထောက်ပံ့တာ ရပ်တန့်ဖို့ Justice For Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
အရက်ကုမ္ပဏီတွေဖြစ်တဲ့ Heineken၊ Carlberg နဲ့ Thai Beverage တွေဟာ စစ်ကောင်စီကို ၂၀၂၁ ခုနှစ် အောက်တိုဘာကနေ ဒီဇင်ဘာလအထိ အထူးကုန်စည်ခွန် SGT အတွက် အမေရိကန်ဒေါ်လာ ၂၇.၆ သန်းနဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေ ၄၉.၉ ဘီလီယံ ပေးချေခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။
ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်အနေနဲ့ စုစုပေါင်း အမေရိကန်ဒေါ်လာ ခုနစ်သန်းနဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေ ၁၂.၆ ဘီလီယံ ပေးသွင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် Grand Royal Group နဲ့ LOTTE ဟိုတယ်ဟာလည်း စစ်ကောင်စီကို အခွန်ငွေထမ်းနေတာတွေ ရှိတယ်လို့ ဆိုပါတယ်။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Heineken၊ Carlsberg နဲ့ Thai Beverage တို့က လူသတ်၊ လုယက်ဖျက်ဆီး စစ်ဆင်ရေးကို အသက်ဆက်နိုင်ဖို့ အခွန်ငွေတွေ ပေးဆောင်နေတာဟာ ပြည်သူတွေကို တိုက်ခိုက်ရာမှာ လိုအပ်တဲ့ ဗုံးတွေ၊ ကျည်ဆန်တွေနဲ့ လေယာဉ်ဆီတွေအတွက် ငွေကြေးကူညီပေးနေတာ ဖြစ်တယ်”လို့ ပြောထားပါတယ်။
စစ်ကောင်စီကို ပေးချေနေတဲ့ အခွန်ငွေတွေဟာ မြန်မာပြည်သူတွေ ပိုင်ဆိုင်တဲ့ ဘဏ္ဍာငွေ ဖြစ်တာကြောင့် တရားဝင် အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရကို ပေးချေသင့်ကြောင်း၊ NUG ရဲ့ညွှန်ကြားချက်တွေကို လျစ်လျူရှုပြီး တရားမဝင် စစ်ကောင်စီကို ဘဏ္ဍာငွေ ဖြည့်တင်းပေးနေတာဟာ နိုင်ငံတကာ ရာဇဝတ်မှုတွေမှာ ကိုယ်တိုင် ကြံရာပါပတ်သက်နေပြီး ဒီမိုကရေစီကို ယုတ်လျော့ ပျက်စီးစေတယ်လို့ ဆိုပါတယ်။
Distributed Denial of Secrets က ထုတ်ပြန်ထားတဲ့ အခွန်စာရင်းတွေကို စုံစမ်းစစ်ဆေးပြီး Justice For Myanmar အနေနဲ့ ထုတ်ဖော်ခဲ့တာဖြစ်ကြောင်း ပါဝင်ပါတယ်။
Heineken ရဲ့ လက်အောက်က ဘီယာအမျိုးအစားတွေဖြစ်တဲ့ ABC၊ Tiger၊ Regal Seven၊ BAWDAR တို့ဖြစ်ကြောင်း၊ Carlberg လက်အောက်က YOMA၊ Carlberg၊ TUBORG နဲ့ Black Eagle Stout တို့ ပါဝင်ပါတယ်။
ပြည်တွင်းက ခရိုနီစီးပွားရေးလုပ်ငန်းတွေဟာ စစ်ကောင်စီကို အခွန်ငွေအမြောက်အမြား ဆောင်နေကြပြီး စစ်ကောင်စီကလည်း ဘဏ္ဍာငွေ အသုံးဆိုင်ရာဥပဒေအရ ၂၀၂၃ - ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ကျပ် ၅၆၃၅ ဘီလီယံ သတ်မှတ်လိုက်ပြီး ကာကွယ်ရေး အသုံးစရိတ်ကို ၂၀၂၂ နှစ်ထက် ကျပ် ၁၉၃၁ ဘီလီယံ တိုးသုံးမှာ ဖြစ်ပါတယ်။