သတင်းထောက်တွေကို ရိုက်ခဲ့တဲ့ BGF တပ်သားတွေကို အရေးယူထား

ဝေမာထွန်း
2020.03.08

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ သတင်းသမားနှစ်ယောက်ကို ၂၄ နာရီကျော်ကြာ ဖမ်းဆီးခဲ့ပြီး ရိုက်နှက်ခဲ့တဲ့ နယ်ခြားစောင့်တပ်ဖွဲ့ BGF အဖွဲ့ဝင် ငါးယောက်ကို အရေးယူထားတယ်လို့ ကရင်နယ်ခြားစောင့်တပ် BGF တာဝန်ရှိသူက ဒီနေ့ ပြောပါတယ်။

သတင်းသမားနှစ်ယောက်ကို ရိုက်နှက်ခဲ့တဲ့ ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်တွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေ ချမှတ်လိုက်ပြီလို့ ကရင်နယ်ခြားစောင့်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး နိုင်မောင်ဇော်က RFA ကို ဒီနေ့ မတ် ၈ ရက်နေ့မှာ ပြောလိုက်တာပါ။

“မနော်ဘတ်တီဟန်တို့ ပြန်သွားပြီးနောက်ပိုင်းမှာ ချက်ချင်းစုံစမ်းစစ်ဆေးရေးအဖွဲ့တွေက ဆက်ပြီးအလုပ် လုပ်ရတယ်။ ဒီလူတွေကို စစ်ဆေးတာပေါ့နော်။ မပါတဲ့သူလည်း မထိခိုက်အောင်၊ တကယ်ကျူးလွန်တဲ့ သူတွေကိုလည်း စိစစ်ပြီးတော့ လူကြီးတွေရဲ့ ညွန်ကြားချက်နဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်သူကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ခြောက်လပေါ့။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ဆိုရင် တကယ်အလုပ်ကြမ်းလုပ်ရတာ။ ကိုယ်ထိလက်ရောက် ကျူးလွန်သူကို ဗဟိုက ကိုင်တွယ်တယ်။ ပါဝင်ပတ်သက်တဲ့သူတွေကိုတော့ တပ်ရင်းက ကိုင်တွယ်တယ်”

ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်းက သတင်းထောက် နော်ဘတ်တီဟန်နဲ့ Myanmar Times ရဲ့ ဓာတ်ပုံသတင်းထောက် မားနော်တို့ဟာ မတ် ၄ ရက်နေ့က မြဝတီမြို့ သောင်ရင်မြစ်ဘေး BGF ထိန်းချုပ်နယ် မြေထဲက သဲပုံဆိပ်မှာ အသစ်ဆောက်လုပ်နေတဲ့ ကာစီနိုလုပ်ငန်း အဆောက်အဦတွေကို ဓာတ်ပုံရိုက်နေတုန်း ဖမ်းဆီးခံခဲ့ရတာပါ။

သတင်းသမားနှစ်ဦးကို တစ်ရက်ကျော်ကြာ ဖမ်းဆီးထားခဲ့ပြီး အဲဒီအချိန်မှာ မျက်နှာတွေကို ကန်တာ၊ ရိုက်နှက်တာတွေ ရှိခဲ့ပါတယ်။

သတင်းသမားတွေကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့တဲ့ တပ်သား စောဓားဗိုလ်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ခြောက်လချမှတ်ပြီး လှိုင်းဘွဲမြို့နယ် မဲသိမ်ကုန်းအချုပ်မှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်တာကို ကူညီခဲ့တဲ့ တပ်သား စောစိုးကြည် အပါအဝင် လေးယောက်ကိုတော့ မြဝတီမြို့က တပ်နယ် ၄ တပ်ရင်းမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်လစီချလိုက်တယ်လို့ ဗိုလ်မှူး နိုင်မောင်ဇော် က ပြောပါတယ်။

အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်လစီကျခံရတဲ့အထဲမှာ သတင်းထောက်တွေကို ဖမ်းဆီးဖို့ တခြားတပ်ဖွဲ့ဝင်တွေကို ခေါ်ယူခဲ့သူလည်း ပါဝင်ပါတယ်။

ကျူးလွန်သူတွေကို အရေးယူထားတဲ့ကိစ္စနဲ့ပတ်သက်လို့ BGF က တရားဝင် အသိပေးတာ မရှိသေးဘူးလို့ ဖမ်းဆီးခံခဲ့ရတဲ့ Myanmar Times ရဲ့ ဓာတ်ပုံသတင်းထောက် မားနော် က ပြောပါတယ်။

“BGF က လက်ရှိအထိ ကျွန်တော်တို့ကို ဘာမှတော့ အကြောင်းတော့ မကြားသေးဘူးခင်ဗျ။ အခု သတင်းတွေတက်နေတာ ကျွန်တော်တို့ကို ကန်ခဲ့တဲ့သူကို ခြောက်လ အပြစ်ပေးလိုက်တယ်လို့ ကြားတယ်။ အဲဒီပေါ်မှတော့ ကျွန်တော်တို့ ဘာမှမပြောလိုဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို အဓိက စပြီးဖမ်းဆီးတဲ့သူကို ဘယ်လိုအရေးယူသလဲဆိုတာ ကျွန်တော်တို့ အခုအချိန်အထိ မသိရသေးဘူး”

မြဝတီမြို့အခြေစိုက် မီဒီယာတွေကိုတော့ BGF က မနေ့က လှိုင်းဘွဲမြို့နယ်၊ မဲသိမ်ကုန်းအချုပ်ကို သွားရောက် သတင်းယူခွင့်ပေးခဲ့ပါတယ်။

နောက်ပိုင်းမှာ အလားတူအဖြစ်မျိုး မရှိအောင် ဆောင်ရွက်ထားဖို့လိုတယ်လို့ ဖမ်းဆီးခံခဲ့ရတဲ့ Frontier Myanmar မဂ္ဂဇင်းက သတင်းထောက် နော်ဘတ်တီဟန် ကပြောပါတယ်။

“အရေးယူတာက သူတို့ရဲ့ လုပ်ငန်းစဉ်အတိုင်း ဆက်သွားတဲ့ဟာပဲ။ ညီမအနေနဲ့ကတော့ အခုအထိ အဆင်မပြေသေးဘူး။ စိတ်ပိုင်းဆိုင်ရာအရပေါ့။ အရေးယူလိုက်တယ်ဆိုတာလည်း ကောင်းပါတယ်။ သူတို့ဘက်အနေနဲ့ ဒါပေမဲ့ ညီမတို့ ကြုံသလိုမျိုး အလားတူ ကိစ္စတွေ မကြုံရအောင် တစ်စုံတစ်ရာ သတိပေးနိုင်တယ်၊ လုပ်ပေးနိုင်တယ်ဆို ပိုကောင်းတာပေါ့”

မကြာခင်ရက်ပိုင်းအတွင်းမှာ သတင်းမီဒီယာကောင်စီက တာဝန်ရှိသူတွေကို BGF က မြဝတီမြို့ကို ဖိတ်ကြားပြီး သူတို့အဖွဲ့က အရေးယူဆောင်ရွက်ထားတဲ့ အခြေအနေတွေကို ရှင်းပြသွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းမီဒီယာကောင်စီကို လက်ရှိအချိန်အထိ BGF အဖွဲ့က ဆက်သွယ်လာတာ မရှိသေးဘူးလို့ ကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။

“မနေ့ကနဲ့ ဒီနေ့ ရုံးပိတ်ရက်အတွင်းမှာတော့ BGF က ဆက်သွယ်လာတာတော့ မရသေးဘူး။ ဒီနေ့ သတင်း ကြားတယ်။ အရေးယူလိုက်တာတော့ ကောင်စီအနေနဲ့ ကြိုဆိုတယ်။ သတင်းသမားတွေကို ဖမ်းဆီးတာ ကိုယ်ထိလက်ရောက်လုပ်တာကို အရေးယူတယ်ဆိုတဲ့သတင်းစကားက လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးဆီ ရောက်သွားတယ်ဆိုရင် သတင်းသမားတွေအတွက် အန္တရာယ် ကျရောက်မယ်ဟာကနေ တားဆီးနိုင်မယ်။ ဒါက ကောင်းတဲ့ အစဉ်အလာဖြစ်တယ်။ ကျွန်တော်တို့က ဒါကိုကြိုဆိုတယ်”

ကရင်နယ်ခြားစောင့်တပ်အနေနဲ့ သတင်းထောက်တွေကို ဖမ်းဆီးတာ၊ ရိုက်နှက်တာ၊ ခြိမ်းခြောက် တာမျိုးတွေ ထပ်မဖြစ်အောင် တပ်ဖွဲ့ဝင်အဆင့်ဆင့်ကို အသိပေးထားတယ်လို့ ဗိုလ်မှူး နိုင်မောင်ဇော် က ဆိုပါတယ်။

အခုလိုမျိုး နောင်မကြုံရအောင် သတင်းမီဒီယာတွေအနေနဲ့ ကရင်နယ်ခြားစောင့်တပ်နဲ့ ပတ်သက်လို့ သတင်းရယူလိုတာတွေရှိတဲ့အခါ မြဝတီမြို့က စည်းကမ်းထိန်းသိမ်းရေးရုံးကို သွားရောက်အကူအညီ တောင်းခံနိုင်တယ်လို့လည်း ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။