ဗန်းမော်နဲ့ ရွှေကူမှာ ရေကြီးရေလျှံမှုကြောင့် လူ နှစ်သောင်းကျော် အရေးပေါ်ရွှေ့ပြောင်းရ
2024.07.04

ကချင်ပြည်နယ် ဗန်းမော်နဲ့ ရွှေကူမြို့နယ်တွေမှာ ဇူလိုင်လ ၂ ရက်နေ့ကစလို့ ဧရာ၀တီမြစ်ရေဟာ စိုးရိမ်ရေမှတ် အထက်ကျော်လွန်ပြီး မြစ်ရေလျှံနေတာကြောင့် လူ နှစ်သောင်းသုံးထောင်နီးပါးကို ဘေးလွတ်ရာ အရေးပေါ် ရွှေ့ပြောင်းထားရတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက RFA ကို ဇူလိုင်လ ၄ ရက် ဒီနေ့ မှာ ပြောပါတယ်။
“ထမင်းလည်းချက်စားလို့မရ၊ လျှပ်စစ်မီးလည်းမရဆိုတော့ လမ်းဘေးမှာ အိပ်တဲ့သူတွေကအိပ်၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ စာသင်ကျောင်းမှာ ခိုလှုံနေတဲ့သူတွေ အများကြီးဖြစ်နေတယ်”
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့မနက် ထုတ်ပြန်ချက်အရ ဧရာ၀တီမြစ်ရေဟာ ဗန်းမော်မြို့မှာ စိုးရိမ်ရေမှတ်အထက် လေးပေနီးပါးနဲ့ ရွှေကူမြို့နယ်မှာ သုံးပေနီးပါးအထိ မြင့်တက်နေတာပါ။
ဗန်းမော်ဒေသခံတစ်ဦးကတော့ မြစ်ရေတိုးလာနေဆဲဖြစ်ပြီး ဒေသခံတွေ အစားအသောက်တွေ ခက်ခဲနေကြတယ် လို့ RFA ကို ပြောပါတယ်။
“ ရေကတော့ ဆက်ပြီးမှ တိုးနေဆဲပဲ အခုကတော့ အလျော့မရှိသေးဘူး။ ရပ်ကွက်ကတော့ မြေနိမ့်ပိုင်း ရပ်ကွက်တွေ အကုန်လုံးမြုပ်ပြီ။ မြစ်နဲ့နီးတဲ့ ရွှေကျီးနားလိုနေရာမျိုးတွေ၊ မြေနိမ့်တဲ့ လမ်းတွေလည်း တော်တော်နစ်ပြီ။ အခက်အခဲကတော့ မြေနိမ့်ပိုင်းမှာရှိနေတဲ့သူတွေကတော့ စားဝတ်နေရေးခက်တာပေါ့။ ထမင်းလည်းချက်စားလို့မရ၊ လျှပ်စစ်မီးလည်းမရဆိုတော့ လမ်းဘေးမှာ အိပ်တဲ့သူတွေကအိပ်၊ ဘုန်း ကြီးကျောင်း၊ ဘုရားကျောင်း၊ စာသင်ကျောင်းမှာ ခိုလှုံနေတဲ့သူတွေ အများကြီးဖြစ်နေတယ်အခုက”
ခွန်သာ၊ တပ်ကလေး၊ မြေနု၊ လက်ပံတန်း စတဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေအပြင် မိုးစိမ်းကျွန်း၊ စင့်ကင်၊ မိုင်းကာ၊ ရေနီ၊ ရေလဲ၊ ညောင်ပင်သာ စတဲ့ ကျေးရွာတွေနဲ့ ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာအတော်တော် များများက တော့ ရေနစ်မြုပ်သွားပြီလို့ ပြောပါတယ်။
ရေဘေးကြုံနေရတဲ့ ဗန်းမော်မြို့ ခွန်သာရပ်ကွက်က ဒေသခံတစ်ဦးကတော့ ပစ္စည်းတွေ ရေမြုပ်သွားလို့ ဆုံးရှုံးတာတွေရှိတယ်လို့ RFA ကိုပြောပါတယ်။
“ခက်ခဲကြပါတယ် အားလုံးက။ ကျွန်မတို့တွေကျတော့ ဆိုင်ရောင်းတဲ့လူဆိုတော့ သိမ်းတာတော့ သိမ်းတာပဲ။ ရေတိုးတာ တအားမြန်တဲ့အခါကျတော့ သိမ်းမနိုင်ဘဲ အဲလိုမျိုးဖြစ်တာ။ ဆုံးရှုံးသွားတာကတော့ တချို့ ရေစက် တွေ ဘာတွေ တချို့ အနစ်ခံထားလိုက်ရတော့တာပါ့။ အခု ကျွန်မတို့ဆိုလည်း အိမ်ထပ်ခိုးပေါ်မှာပဲ နေနေကြတာ။ ကျွန်မတို့အိမ်အောက်မှာ လေးပေလောက်မြုပ်သွားပြီ။ လမ်းမှာဆို လူတစ်ရပ်ကျော်သွားပြီ။ ဒါက ကျွန်မတို့အခြမ်းက ဟိုဘက်အခြမ်းတွေဆိုရင် တော်တော်ကြီးကိုမှ လူနှစ်ရပ် သုံးရပ်လောက်တောင် မြုပ်ပြီ”
“အခုက စိုးရိမ်ရေမှတ် မဟုတ်ဘူး အန္တရာယ်ရေမှတ်ကို ကျော်တာတွေ ဖြစ်နေတာဗျ။ ရေကတော့ ကျမယ်လို့တော့မှန်းထားတယ်ဗျ”
ဒေသခံအများစုဟာ ဘေးလွတ်ရာကို ကြိုတင်ရှောင်ရှားကြပေမဲ့ ပိတ်မိနေသူတွေလည်းရှိတာကြောင့် အရပ်ဘက်အဖွဲ့တွေက ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်နေကြရတယ်လို့လည်း ပြောပါတယ်။
ဗန်းမော်မြို့မှာ ကူညီကယ်ဆယ်ရေးတွေကို တောက်လျှောက်လုပ်ဆောင်နေရတယ်လို့ ဒေသခံ ကူညီ ကယ်ဆယ်ရေးသမားတစ်ဦးက RFA ကိုပြောပါတယ်။
“ကယ်ဆယ်ရေးစခန်းတွေမှာတော့ တစ်ခုခုကို လူဦးရေ ၅၀၀ ကျော်လောက်ရောက်နေတယ်။ အကုန်လုံးတော့ ကျွန်တော်လည်းသေချာမသိနိုင်ဘူး။ ကယ်ဆယ်ရေးတွေက အဖွဲ့အစည်းတွေအများကြီး အကုန်လုံး ဝိုင်းလုပ် နေကြတယ်။ ပိတ်မိနေတဲ့သူတွေကိုလည်း စက်လှေအကြီးတွေနဲ့ လိုက်ခေါ်ပေးနေတယ်။ အခုက စိုးရိမ်ရေမှတ် မဟုတ်ဘူး အန္တရာယ်ရေမှတ်ကို ကျော်တာတွေ ဖြစ်နေတာဗျ။ ရေကတော့ ကျမယ်လို့တော့မှန်းထားတယ်ဗျ”

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဧရာဝတီမြစ်ရေဟာ ဇူလိုင်လ ၂ ရက်နေ့က စလို့ စိုးရိမ်ရေမှတ်ကျော်လွန်ပြီး မြစ်ရေဝင်ရောက်လာတာကြောင့် ဗန်းမော်မြို့ထဲက အိမ်ထောင်စု လေးထောင် ကျော်၊ လူဦးရေ နှစ်သောင်းကျော်နဲ့ ရွှေကူမြို့နယ်က လူဦးရေ ငါးရာလောက်ကို ပြောင်းရွှေ့နေရာချထားတယ်လို့ ဖော်ပြထားပါတယ်။
အလားတူ စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်အတွင်းမှာလည်း ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီး ရေကြီးနေတာကြောင့် မြို့မ၊ ပေါမိုင်း၊ ဇီးဖြူကုန်းရပ်ကွက်တွေနဲ့ ကျေးရွာတွေက လူဦးရေ ခုနစ်ရာလောက်ကို ပြောင်းရွှေ့ထားတယ်လို့ ဖော်ပြထားပါတယ်။
ရွှေကူမြို့မှာလည်း ဒေသခံတွေအတွက် ယာယီစခန်း ၁၂ ခုဖွင့်ပြီး အရေးပေါ်ရွှေ့ပြောင်းထားရတယ်လို့ ရေဘေးကူညီကယ်ဆေးရေးလုပ်သားတစ်ဦးက RFA ကိုပြောပါတယ်။
“ရွှေကူမှာကတော့ ကယ်ဆယ်ရေး စခန်း ၁၂ ခုဖွင့်ထားပါတယ်ဗျ။ စုစုပေါင်းတော့ ၅၀၀ ကျော်တော့ရှိမယ်။ စိုးရိမ်ရေမှတ်က ၉၃၀ (စင်တီမီတာ) အခုက ၁၀၁၈ မှာဗျ။ အခုက ရေမြုပ်တာက အနိမ့်ပိုင်းတွေ။ အနိမ့်ပိုင်း တွေကိုတော့ ကျွန်တော်တို့ ရွှေ့ပြောင်းထားပြီ။ ရပ်ကွက်က ၁၊ ၂၊ ၃၊ ၄ လည်း အကုန်မြုပ်နေတာာပေါ့”
စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါ်လေးရွှေဇင်ဦးကတော့ တာဝန်ရှိသူတွေက လိုအပ်တာတွေ ကူညီ ပေးနေတယ်လို့ RFA ကို ပြောပါတယ်။
“အခုတော့ မြစ်ရေအခြေအနေ စိုးရိမ်ရေအမှတ်အထက်မှာရှိတာတော့ ဗန်းမော်တို့ ရွှေကူတို့ရှိနေသေးတယ်။ ချင်းတွင်းမြစ်ဆိုလည်း ခန္တီးတို့ ဟုမ္မလင်းတို့ရှိနေတယ်။ အဲလိုမျိုးဆိုတော့ သူက တဖြည်းဖြည်း အောက်ကို ဆင်းလာမှာပဲ။ ဆင်းလာမှာဖြစ်တဲ့အတွက် ပြည်သူတစ်ချို့တော့ ပြောင်းနေ ရွှေ့နေကြတယ်။ မြစ်နားနီးတဲ့ ပြည်သူတွေပေါ့နော်။ အဲဒါတွေကို ကျွန်မတို့ဌာနကနေပြီး ရေဘေးရှောင်ပြည်သူတွေကို ကျွန်မတို့ ဌာနက သတ်မှတ်ထားတဲ့နှုန်းထားအတိုင်း ဆန်၊ ရိက္ခာဖိုးတွေ တစ်ပတ်စာ နှစ်ပတ်စာ ထောက်ပံ့ပါတယ်”
မြစ်ကြီးနား နဲ့ ဝိုင်းမော်မြို့နယ်တွေက ရေဘေးဒုက္ခသည်တွေကိုလည်း ဆန်၊ ဆီ၊ ဆားနဲ့ တခြား တစ်ကိုယ်ရေသုံး ပစ္စည်းတွေ ထောက်ပံ့ထားတယ်လို့ပြောပါတယ်။
ကချင်ပြည်နယ် အထက်ပိုင်းမှာ ဇွန်လ ၃၀ ရက်နေ့လောက်ကစလို့ ရေလျှံနေတာကြောင့် မြစ်ကြီးနား၊ ဆွမ်ရာဘွမ်နဲ့ အင်ဂျန်းယန်မြို့နယ်တွေမှာရှိတဲ့ မလိခမြစ်ကမ်းဘေးတစ်လျှောက် ရွာတွေက နေအိမ် နှစ်ရာကျော် ရေထဲမျောပါပျက်စီးခဲ့ပြီး ဖားကန့်မြို့မှာတော့ လူတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အခု ဗန်းမော်နဲ့ ရွှေကူမြို့နယ်တွေအတွင်း ရေကြီးရေလျှံမှုအတွင်း လူသေဆုံးမှုတော့ မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကတော့ ဧရာဝတီမြစ်အောက်ပိုင်းမှာ ဆက်ပြီး ရေကြီးရေလျှံနိုင်တာကြောင့် မြစ်၊ ချောင်းအနီး နေထိုင်သူတွေ ကြိုတင်သတိပြုကြဖို့ ထုတ်ပြန် သတိပေးထားပါတယ်။
(မှတ်ချက် - ဗန်းမော်မြို့က ဒေသခံနှစ်ဦးနှင့် ကူညီကယ်ဆယ်ရေးလုပ်သားတစ်ဦး၊ ရွှေကူမြို့က ကူညီကယ်ဆယ်ရေးလုပ်သားတစ်ဦး၊ စစ်ကောင်စီ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လေးရွှေဇင်ဦး တို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ထားပါသည်။)