ဇီဝမျိုးကွဲသစ် ၂၀ ကျော်တွေ့
2014.06.06
မြန်မာနိုင်ငံမှာ ခန္ဓာကိုယ်အစက်အပြောက်နဲ့ရေနဂါး၊ ချော့ကလက်ရောင်ဖါးနဲ့ဂျင်းအပင်တစ်မျိုးအပါအဝင် အပင်နဲ့ဇီဝမျိုးကွဲသစ် ၂၀ ကျော်တွေ့ရှိရတယ်လို့ WWF ကမ္ဘာ့တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ကပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ကမ္ဘာ့သိပ္ပံပညာရှင်တွေရဲ့ရှာဖွေတွေ့ရှိမှုအရသိရတာဖြစ်ပြီး၊ ဒီမျိုးစိပ်တွေကို ထိန်းသိမ်းဖို့လိုအပ်နေပြီလို့ WWF အဖွဲ့က မနေ့ကပြောပါတယ်။ မြန်မာပြည်မှာတွေ့ရတဲ့ ခန္ဓာကိုယ်အနှံ့အစက်အပြောက်တွေပါတဲ့ ရေနဂါးဆိုရင် အာရှမှာအရမ်းလူကြိုက်များတဲ့ ငါးအမျိုးအစား ဖြစ်တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးအောက်မှာ ပြင်ပကမ္ဘာနဲ့ဆက်ဆံခွင့်မရပဲ ရာစုနှစ်ဝက်ကျော်နေခဲ့ရတဲ့ အတွက် မြန်မာနိုင်ငံမှာရှိတဲ့ ဇီဝမျိုးကွဲတွေနဲ့ပတ်သက်လို့ အကန့်အသတ်နဲ့ပဲ စာရင်းပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီဇီဝမျိုးကွဲတွေကာကွယ်ဖို့ကိုလဲ တစ်ဦးတစ်ယောက်မှ စိတ်ဝင်တစားမရှိခဲ့ဘူးလို့ ဆိုပါတယ်။
အမျိုးသားဥယျာဉ်တွေတော်တော်များများက ထိန်းသိမ်းကာကွယ်ထားတယ်ဆိုပေမယ့်လဲ စာရွက်ပေါ်မှာထိန်းသိမ်းထားတာပဲဖြစ်နေတယ်လို့ WWF ကပြောပါတယ်။