လူ ၆ဝဝ ကျော်ကို အမည်ပျက်စာရင်းက ပယ်ဖျက်
2016.08.03

အရင်အစိုးရလက်ထက်ကရှိခဲ့တဲ့ အမည်ပျက်စာရင်း Black List မှာ ထည့်သွင်းခံထားရတဲ့ အထဲက မြန်မာနိုင်ငံသား ၂၄၈ ဦး၊ နိုင်ငံခြားသား ၃၇၁ ဦး စုစုပေါင်း ၆၁၉ ဦးကို စာရင်းကနေ ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။
ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီးမှာ RFA သတင်းဌာနက မေးမြန်းရာမှာ ဝန်ကြီး ဦးသိန်းဆွေ က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
"ရက် ၁ဝဝ စီမံချက်မှာ နိုင်ငံတော်က Back List တင်သွင်းထားတဲ့ ပုဂ္ဂိုလ်တွေ မြန်မာနိုင်ငံသားတွေလည်းရှိ တယ်၊ နိုင်ငံခြားသားတွေလည်းရှိတယ်၊ အဲ့ဒါတွေကို ဖြေလျော့မယ်လို့ ရက် ၁ဝဝ စီမံကိန်းမှာရေးထားတယ်၊ အခုအဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ဖြေလျော့တာဟာ မြန်မာနိုင်ငံသား ၂၄၈ ဦး နိုင်ငံခြားသား ၃၇၁ ဦးကို Back List ထဲကနေ ပယ်ဖျက်လိုက်ပြီးပြီ၊ စုစုပေါင်း ၆၁၉ ဦးပေါ့နော်၊ ဆက်ပြီးတော့ Back List ထဲကပုဂ္ဂိုလ်တွေ ကို ပြန်စိစစ်ပြီးတော့မှ ဒါလေးတွေကို အဆင်ပြေအောင် ဖြေလျော့သွားဖို့ အစိုးရအနေနဲ့ ဆောင်ရွက်နေပါတယ်"
နိုင်ငံရေးအရ အစိုးရကို အကြည်ညိုပျက်အောင်လုပ်တယ်ဆိုပြီး အရင်အစိုးရအဆက်ဆက်က သတ်မှတ်ထား တာဖြစ်တယ်လို့ ဝန်ကြီးဦးသိန်းဆွေ က ပြောပါတယ်။
နာမည်ပျက်စာရင်းထည့်သွင်းခံထားရတဲ့ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတော့ အတိအကျ မပြောနိုင်သေး ဘူးလို့လည်း ပြောပါတယ်။
ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန ၁၅ ခု ပူးပေါင်းပြီး နာမည်ပျက်စာရင်းထဲမှာ ပါနေသူတွေကို စိစစ်ပြီးဖြေလျှော့ပေးနေတယ် လို့လည်း ပြောပါတယ်။
အမေရိကန်နိုင်ငံသား ခံယူထားတဲ့ ၈၈ မျိုးဆက် ကျောင်းသားဟောင်း ဦးမောင်မောင်ဝမ်း ကိုလည်း စာရင်းကနေ ပယ်ဖျက်လိုက်ကြောင်းနဲ့ ပြည်ထဲရေးဝန်ကြီး ဌာနနဲ့ ညှိနှိုင်းချက်အရ မနေ့ညက ပြည်ဝင်ခွင့်ပေးလိုက်တယ်လို့လည်း ဦးသိန်းဆွေက ပြောပါတယ်။
ဒါပေမယ့် နိုင်ငံတကာရဲတပ်ဖွဲ့လို နိုင်ငံတကာအဖွဲ့အစည်းတွေက အကြမ်းဖက်သမားတွေ၊ ပြစ်မှုကျူးလွန်သူတွေ ၊ နိုင်ငံဖြတ်ကျော်မှုခင်းတွေ ကျူးလွန်ထားတဲ့သူတွေကိုတော့ ပယ်ဖျက်မှာမဟုတ်ဘူးလို့လည်း ဦးသိန်းဆွေ က ပြောပါတယ်။
အစိုးရသစ်လက်ထက်မှာ ရက် ၁၀၀ စီမံချက်အနေနဲ့ ဝန်ကြီးဌာနအသီးသီးမှာ အရင်က ဝန်ထမ်းဟောင်းတွေကို နိုင်ငံရေးအရ နာမည်ပျက်စာရင်း အသွင်းခံထားရသူတွေရှိရင် ဌာနအလိုက် စာရင်းတင်ပြကြဖို့ ညွှန်ကြားထား ပါတယ်။