နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ဖို့ အပြာရောင်လှုပ်ရှားမှုမှာ ပြင်သစ်သံရုံး ပူးပေါင်းပါဝင်

2022.04.21
နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ဖို့ အပြာရောင်လှုပ်ရှားမှုမှာ ပြင်သစ်သံရုံး ပူးပေါင်းပါဝင် ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ရှစ်နှစ်ပြည့် ၂၀၂၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှာ ပြင်သစ်သံရုံးက အင်္ကျီအပြာဝတ်ဆင်ပြီး နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး တောင်းဆိုစဥ်
ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး

မြန်မာနိုင်ငံတစ်ဝန်းမှာ ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ရှစ်နှစ်ပြည့်တဲ့ ဧပြီလ ၂၁ ရက် ဒီနေ့မှာ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး တောင်းဆိုတဲ့အနေနဲ့ အပြာရောင်လှုပ်ရှားမှုကို ပြုလုပ်နေကြပြီး မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးကလည်း ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြောင်း ဒီနေ့မနက်က ထုတ်ပြန်ပါတယ်။

အဖမ်းခံထားရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွှတ် ပေးဖို့လည်း ပြစ်သစ်နိုင်ငံအနေနဲ့ ထပ်မံတောင်းဆိုကြောင်းလည်း ပြင်သစ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ အမေရိကန်သံရုံးကလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုင်တွယ် ဖြေရှင်းပေးဖို့၊ အကြမ်းဖက် မှုတွေ ရပ်တန့်ပြီး မတရားထိန်းသိမ်းခံထားရသူတွေ ပြန် လွှတ်ပေးရေး ဖိအားပေးဖို့၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အဆီး အတားမရှိ ပေးအပ်နိုင်ဖို့နဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ပို့ ဆောင်ရေး စစ်အာဏာရှင်ကို ဖိအားပေးရာမှာ နိုင်ငံတကာမိတ်ဖက်တွေနဲ့အတူ ဆက်လက်ပူးပေါင်း ဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီနေ့မှာ ဟံသာဝတီဦးဝင်းတင်ကို အောက်မေ့တဲ့ အထိမ်းအမှတ်အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးလှုပ်ရှားမှုအနေနဲ့ အပြာရောင်အင်္ကျီကို ဝတ်ဆင်ကြဖို့၊ ဒါမှမဟုတ် အပြာရောင်ဝတ်ထားတဲ့ ဓာတ်ပုံတွေကို "နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်" ဆိုတဲ့စာသားနဲ့အတူ ကိုယ့်ရဲ့ ဖေ့စ်ဘွတ်ခ်၊ တွစ်တာ လူမှုကွန်ရက်စာမျက်နှာတွေမှာ တင်ပြီး တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။

အဲဒီ အပြာရောင်အင်္ကျီဝတ်လှုပ်ရှားမှုမှာ ပါဝင်ကြဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP နဲ့ Burma Campaign-UK စတဲ့ လူ့အခွင့်အရေး အဖွဲ့တွေကလည်း တိုက်တွန်းထားပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကနေ Blue Shirt Campaign ကို ပူးပေါင်းပါဝင်ကြသလို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဘက်က ရွာတွေရဲ့ စုပေါင်းသပိတ်စစ်ကြောင်းတွေကလည်း အင်္ကျီအပြာရောင်ဝတ်ဆင်ပြီး ဦးဝင်းတင် ပြောကြားခဲ့တဲ့ “တိုင်းပြည်အပေါ် စစ်အာဏာရှင် ကျေးဇူး မူးလို့တောင် ရှူစရာမရှိဘူး” ဆိုတဲ့ စာသားပါ ဗီနိုင်းပိုစတာတွေနဲ့အတူ ချီတက် ဆန္ဒပြကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ မနေ့က ထုတ်ပြန် ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဧပြီလ ၂၀ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ဖမ်းဆီးခံထားရသူ ၁၀၂၇၁ ဦးရှိပြီး အဲဒီအထဲက ၉၉၆ ဦးက ထောင်ဒဏ် အသီးသီး ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။