မြန်မာနယ်စပ်ကနေ မှောင်ခိုလက်နက်တွေ အကြီးအကျယ်ဝင်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီပြော
2024.06.17

မြန်မာနယ်စပ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မှောင်ခိုလက်နက်တွေ အကြီးအကျယ်ဝင်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ အဓိကအတိုက်အခံ နိုင်ငံရေးပါတီဖြစ်တဲ့ BNP ရဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူး ရာဟူး ကာဘီရာ ရစ်ဇ်ဗီက စွပ်စွဲပြောဆိုလိုက်တဲ့အကြောင်း ဒါကာထရီဗြွန်းသတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
အခုဆိုရင် ဘင်္ဂလားဒေ့ရှ်ပြည်သူတွေရဲ့ အိမ်မှာ စားစရာမရှိတော့တဲ့အကြောင်း၊ လူလတ်တန်းစားတွေလည်း စီးပွားရေးအရ ခက်ခဲလာနေတဲ့အကြောင်း၊ သာမန်ပြည်သူတွေမှာ အကူအညီမဲ့အခြေအနေဖြစ်နေပြီလို့ သူက ပြောပါတယ်။ နယ်စပ်တွေဟာ အကာအကွယ်မဲ့နေပြီး စိန့်မာတင်ကျွန်းဆိုရင်လည်း ပြီးခဲ့တဲ့ရက်ကဖြစ်နေတဲ့ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲကြောင့် တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေသလို အဓိကစားသောက်ကုန်တွေလည်း မဝင်တော့ဘဲ ခက်ခဲနေတဲ့အကြောင်းနဲ့ ပြည်သူတွေဟာ အဲဒီဒေသတွေကိုသွားဖို့ မလုံခြုံသလို ခံစားနေရပြီဆိုတဲ့အကြောင်း BNP တွဲဖက် အထွေထွေ အတွင်းရေးမှူးက ထောက်ပြပါတယ်။
လွန်ခဲ့တဲ့ ခုနစ်နှစ် ရှစ်နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ ရိုဟင်ဂျာတွေကို တစ်ယောက်မှ ပြန်မပို့နိုင်သေးတာကို သူက ထောက်ပြသလို ဘာကြောင့် ပြန်မပို့နိုင်တာလဲဆိုတဲ့အကြောင်း၊ ဘယ်တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ကာကွယ်မှာလဲဆိုတဲ့အကြောင်း၊ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်က ဘယ်လိုမူဝါဒ ကျင့်သုံးနေလဲဆိုတာ ပြည်သူတွေ သိခွင့်ရှိတဲ့အကြောင်း အာဏာရ အဝါမီလိဂ်ပါတီရဲ့ ရှိတ်ဟာဆီနာအစိုးရကို ဝေဖန်လိုက်ပါတယ်။ BNP ပါတီဌာနချုပ်မှာ မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရစ်ဇ်ဗီက ပြောလိုက်တာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ စားသောက်စရာနဲ့ ကုန်မျိုးစုံကို ရခိုင်ပြည်နယ်ကနေ တင်သွင်းနေတာ နှစ်ပေါင်း များစွာရှိနေပြီ။ ရခိုင်ပြည်က စစ်ပွဲတွေကြောင့် အဲဒီကုန်စည်လမ်းကြောင်းလည်း ပြတ်တောက်နေရပါတယ်။
အူကီယာနဲ့ တက္ကနက်ဖ်ပြည်နယ်ထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဟာ ခွဲထွက်ရေးအဖွဲ့တွေရဲ့ လက်ထဲရောက်နေပြီလို့ မေ ၂၁ ရက်ထုတ် ဒါကာထရီဗြွန် သတင်းတစ်ပုဒ်မှာဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ် RAB တပ်နဲ့ ARSA အဖွဲ့တို့ တိုက်ပွဲဖြစ်ရာကနေ အူရာကီမှာရှိတဲ့ အာဆာအဖွဲ့တွေရဲ့ လျှို့ဝှက်နေရာတွေကို မေ ၁၅ ရက်မှာ ဘင်္ဂလားဒေ့ရှ် RAB တပ်က ရှောင်တခင်ဝင်ပြီး စစ်တဲ့အခါ စစ်သုံးလက်နက်တွေ အမြောက်အများ ရှာဖွေဖမ်းဆီးမိတယ်လို့ ဖော်ပြထားပါတယ်။ တိုက်ပွဲကနေ အာဆာအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် ဆာလီမူနာနဲ့ သူ့အဖွဲ့ဝင် ရီအာ့ဇ်ကိုဖမ်းမိတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ဒီလူတွေဟာ မူးယစ်ဆေး၊ လက်နက်မှောင်ခိုနဲ့ ဓားပြမှုတွေ တော်တော်များများ ကျူးလွန်ထားတယ်လို့ ကော့ဆက်ဘဇားခရိုင် ရဲမှူးကြီး မာဖူဇူး အစ္စလာမ်က ပြောပါတယ်။