နောက်ထပ်လှေစီးဒုက္ခသည် ၇ဝဝ ကျော် မြန်မာ့ပင်လယ်ပြင် မှာ တွေ့ရှိဖမ်းဆီး


2015.05.29
boat-refugees-700-620.jpg ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်း လှေစီးဒုက္ခသည် ၇ဝဝ ကျော်ကို မေလ ၂၉ ရက်နေ့က ဖမ်းဆီးမိစဉ်
Photo: MOI Webportal Myanmar (facebook)

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်း မြန်မာပိုင်နက်ရေပြင်မှာ လှေစီးဒုက္ခသည် ၇ဝဝ ကျော်ကို ဖမ်းဆီးထားပြီး၊ ဟိုင်းကြီးကျွန်းကို ပို့ဆောင်လိုက်ပြီလို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဟိုင်းကြီးကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ ဖမ်းဆီးမိထားတာဟုတ်မှန်ကြောင်း၊ သူတို့ကို နေရာချထားပေးဖို့ အထက်ကညွှန်ကြားတာမရှိသေးကြောင်း အုပ်ချုပ်ရေးမှူးရုံး စာရေးဝန်ထမ်း ဦးလှရွှေက ပြောပါတယ်။

"လောလောဆယ်တော့ ကျနော်တို့ဆီကို ဘာမှညွှန်ကြားချက်တွေ မပေးသေးဘူးခင်ဗျ၊ အဲ့ဒီတော့ ကပ္ပလီ ပင်လယ်ပြင်ထဲက တွေ့တယ်လို့တော့ပြောတယ်ဗျ၊ ရေတပ်ကနေပြီးတော့ သူတို့တွေ့ပြီးတော့ ခေါ်လာတယ်လို့ သတင်းရတယ်ဗျ၊ ဘယ်နေရာကို စီစဉ်ထားပါလို့တော့ လှမ်းလို့မပြောသေးဘူးခင်ဗျ"

လှေစီးဒုက္ခသည်တွေထဲမှာ အမျိုးသား ၆ဝ၈ ယောက်၊ အမျိုးသမီး ၇၄ ယောက်နဲ့ ကလေး ၄၅ ယောက်၊ စုစုပေါင်း ဘင်္ဂါလီလူမျိုး ၇၂၇ ဦးကို ဖျာပုံမြို့နယ် တင်ပုလဲကျေးရွာအုပ်စု ဓမင်းဆိပ်ကျေးရွာအရှေ့ဘက် ရေမိုင် ၃ဝ ခန့် အကွာမှာ ဖမ်းဆီးမိတာလို့ အစိုးရပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ဆေးမေးမြန်းချက်အရ သူတို့ဟာ မတ်လကတည်းက လှေသုံးစင်းနဲ့ ထွက်လာခဲ့ကြပြီး၊ မလေးရှားကို ဝင်ဖို့လာခေါ်မယ့် လူမှောင်ခိုသမားတွေကို ထိုင်းနိုင်ငံရေပိုင်နက် ထဲကနေ စောင့်ဆိုင်းနေခဲ့ကြကြောင်း၊ ဒါပေမဲ့ ထိုင်းနဲ့မလေးရှားမှာ လူမှောင်ခို နှိမ်နင်းရေးတွေအရှိန်မြှင့်ဆောင်ရွက်နေတာကြောင့် သူတို့ဆီကို ဘယ်သူမှရောက် မလာတဲ့အတွက် နောက်ဆုံး လှည့်ပြန်လာခဲ့ကြတာဖြစ်ကြောင်း၊ စထွက်လာတာကနေ အခုထိ လမ်းမှာ သေဆုံးသူ ၅၀ ဝန်းကျင် ရှိကြောင်း ပြောဆိုကြပါတယ်။

ပြီးခဲတဲ့ မေလ ၂၁ ရက်နေ့ကလည်း ရခိုင်ပြည်နယ်အတွင်း မြန်မာ့ရေပိုင်နက်ထဲ ရောက်ရှိလာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လှေစီးရွှေ့ပြောင်းသူ ၂ဝဝ ကျော်ပါတဲ့ လှေနှစ်စီးကို ဒုဌဝတီရေတပ် က တွေ့ရှိဖမ်းဆီးခဲ့ပြီး၊ အဲ့ဒီလှေစီးဒုက္ခသည်တွေ လူမှောင်ခိုကူးခံရမှုမှာ လူပွဲစားတွေအဖြစ် သံသယရှိတဲ့ စစ်တွေမြို့နယ် ဆေးသမားကြီးကျေးရွာအုပ်စု ဖွဲရာကုန်းကျေးရွာက မွတ်စလင် ၂ ဦးကိုလည်း မြန်မာရဲတပ်ဖွဲ့ က မေလ ၂၅ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။