လှေစီး ဒုက္ခသည် ၁ဝ၃ ဦး ဘင်္ဂလားဒေ့ရ်ှကို လွဲအပ်ပေး
2015.10.12

ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့နယ်မှာ ယာယီကယ်တင်ထားတဲ့ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံသား လှေစီးရွှေ့ပြောင်း သွားလာသူ ၁ဝ၃ ဦးကို ဘင်္ဂလားဒေ့ရ်ှ အာဏာပိုင်တွေ လက်ထဲကို မနေ့က လွှဲပြောင်းပေးလိုက်ပါတယ်။
မူလက လူ ၁ဝ၅ ဦးကို လွှဲပြောင်းဖို့ စီစဉ်ထားခဲ့ပေမယ့် ၂ ဦးက ယာယီကယ်ဆယ်ရေး စခန်းထဲကနေ ထွက်ပြေး လွတ်မြောက်သွားသူတွေထဲမှာ ပါသွားခဲ့ တာကြောင့် ၁ဝ၃ ဦး ကိုသာ လွှဲပြောင်းနိုင်ခဲ့တယ်လို့လဲ သိရပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းက ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီး မြန်မာရေပိုင်နက်ထဲကနေ ဖမ်းဆီးရမိခဲ့ တဲ့ လှေစီးရွှေ့ပြောင်းသွားလာသူတွေကို တောင်ပြို လက်ဝဲမြို့နယ်မှာ ယာယီကယ်တင်ထားပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကို အသုတ်လိုက် ပြန်လည် လွှဲပြောင်းပေးနေတာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက ကော့သောင်းမြို့နယ်အတွင်းက မြန်မာ ရေပိုင်နက်ထဲမှာ ဖမ်းဆီးရမိခဲ့တဲ့ လူ ၁ဝ၅ ဦးကိုလည်း စက်တင်ဘာလ ၆ ရက်နေ့ က တောင်ပြိုလက်ဝဲမြို့နယ်ကို ပို့ဆောင်ပေးခဲ့ပါတယ်။
ဒီနေ့ပို့ဆောင်လိုက်တဲ့အထဲမှာ အရင်ဖမ်းဆီးရမိခဲ့တဲ့ လူတွေပါဝင်သလို ကော့သောင်းဖက်က နောက်ဆုံးပို့ဆောင် လိုက်တဲ့ လူတွေလည်း ထက်ဝက်လောက် ပါဝင်တယ်လို့ မောင်တောခရိုင် အစိုးရ အရာရှိတစ်ဦးက ပြောပါတယ်။
တောင်ပြိုလက်ဝဲမြို့နယ်မှာ ယာယီကယ်တင်ထားတဲ့ လှေစီးရွှေ့ပြောင်း သွားလာသူတွေကို တစ်ဘက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို လွှဲပြောင်းပေးနေရာမှာ အခုအကြိမ် ဟာ ၆ ကြိမ်မြောက်ဖြစ်ပြီးတော့ စခန်းမှာ လူ ၇၇ ဦး ကျန်ရှိနေသေးတယ် လို့ ပြောပါတယ်။