မွတ်စလင် ဒုက္ခသည် ၉၃ ဦးကို နေရပ်ပြန်ပို့၊ ပွဲစားလို့ ယူဆရသူကို ဖမ်းဆီး
2018.11.28

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လောင်းလုံမြို့နယ်ရဲ့ အနောက်တောင်ဘက် ဘုတ်ကျွန်းအနီး ပင်လယ်ပြင်မှာ ဖမ်းမိခဲ့တဲ့ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ မွတ်စလင် ဒုက္ခသည် ၉၃ ယောက်ကိစ္စနဲ့ ပတ်သက်ပြီး ပွဲစားလို့ ယူဆရသူ တစ်ယောက်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး ကြည်လင်း က ပြောပါတယ်။
အဲဒီမွတ်စလင် ဒုက္ခသည်တွေကို သူတို့ရဲ့ မူလနေရပ်ကို ပြန်လည်ပို့ဆောင်ပေးဖို့ စစ်ရေယာဉ်နဲ့ လောင်းလုံမြို့နယ်ကနေ မနေ့ညပိုင်းက ထွက်ခွာသွားပြီဖြစ်တယ်လို့ တနင်္သာရီတိုင်း ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး စိန်ဝင်း က RFA ကို ပြောပါတယ်။
အဲဒီဒုက္ခသည်တွေဟာ စစ်တွေမြို့၊ သဲချောင်းကျေးရွာအုပ်စု၊ ဒါးပိုင်ကျေးရွာဆိပ်ကမ်းကနေ ထွက်ပြေးလာသူတွေဖြစ်ပြီး မလေးရှားနိုင်ငံကိုသွားဖို့ ကြိုးစားကြသူတွေဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့ မှတ်တမ်းမှာ ဖော်ပြထား ပါတယ်။
လိုက်ပါလိုသူ တစ်ယောက်အတွက် ပွဲစားကို မြန်မာငွေကျပ် ၅ သိန်းပေးကာ လိုက်ကြရတာဖြစ်ပြီး ရခိုင်ပြည်နယ်၊ ဒါးပိုင်ကျေးရွာဆိပ်ကမ်းကနေ နိုဝင်ဘာလ ၁၈ ရက်နေ့က စတင် ထွက်ခွာလာတာလို့လည်း ရဲတပ်ဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ သူတို့ကို နိုဝင်ဘာလ ၂၅ ရက်နေ့ညက တပ်မတော်စစ်ရေယာဉ်က ဖမ်းမိခဲ့တာလည်း ဖြစ်ပါတယ်။
ဖမ်းမိခဲ့တဲ့ လှေပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသား ၂၈ ယောက်၊ အမျိုးသမီး ၃၃ ယောက်၊ ကလေး ၃၂ ယောက် စုစုပေါင်း ၉၃ ယောက်ကို လောင်းလုံမြို့နယ်၊ စမ်းလှမ်းကျေးရွာအနီးက ရေပြင်မှာ ၂ ရက်ကြာ ထိန်းသိမ်းထားခဲ့ပြီး မနေ့ညပိုင်းက စစ်ရေယာဉ်တွေနဲ့ ပြန်လည်ပို့ဆောင်လိုက်တာ ဖြစ်ပါတယ်။
ဒီအကြောင်းကို တနင်္သာရီတိုင်းရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး စိန်ဝင်း က အခုလိုပြောပါတယ်။
"ညကပို့လိုက်ပြီ၊ ည ၉ နာရီ ၃၅ မှာ စစ်သင်္ဘောနဲ့ သွားကြပါတယ်၊ အားလုံး ပြန်ပို့တာပါ၊ ရခိုင်သူတို့နေတဲ့နေရာ ပြန်ပို့ပေးမှာပါ"
လှေပေါ်မှာပါလာတဲ့ ဒုက္ခသည်အာလုံးဟာ စစ်တွေမြို့နယ် သဲချောင်းကျေးရွာအုပ်စုအတွင်း နေထိုင်ကြသူတွေ ဖြစ်ပြီး ဒါးပိုင်ကျေးရွာဆိပ်ကမ်းကနေ မလေးရှားနိုင်ငံကို သွားရောက်ကြဖို့ စီစဉ်ထားကြောင်း ရဲတပ်ဖွဲ့မှတ်တမ်း မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လိုက်ပါလာသူတွေဟာ တစ်ယောက်အတွက် ငွေကျပ် ၅ သိန်း ပွဲစားကိုပေးပြီး လိုက်လာကြတာလို့ ထွက်ဆိုထားကြောင်းလည်း ရဲတပ်ဖွဲ့မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
အဲဒါကြောင့် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး ကြည်လင်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ အခုကိစ္စနဲ့ ပတ်သက်ပြီး တစ်ယောက်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ပြောပါတယ်။
"ပွဲစားတွေကတော့ ကျနော်တို့ အရေးယူမှာပါ၊ လောလောဆယ်တော့ ပွဲစားတွေကို ထိန်းသိမ်းစစ်ဆေး နေပါတယ်၊ အခုတစ်ခေါက်ကတော့ တစ်ယောက်တော့ ထိန်းထားပြီးပြီ၊ ၂ ယောက်ကတော့ အဲပြန်လာတဲ့ ၉၃ ယောက်ထဲမှာပါလာတယ်၊ ကျနော်တို့ ဥပဒေအကြံပြုချက်တောင်းပြီး သူတို့ကို သင့်တော်အတိုင်း အရေးယူဆောင်ရွက်မှာပါ"
ထွက်ပြေးသွားတဲ့ ဒုက္ခသည် ၉၃ ယောက်ဖမ်းမိတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သဲချောင်းကျေးရွာနေသူ တစ်ယောက်ကို မနေ့က ဖမ်းဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ မွတ်စလင် ဒုက္ခသည် အယောက် ၁၀၀ ကျော်ကို ရန်ကုန်တိုင်း ကျောက်တန်းမှာ ဖမ်းမိခဲ့တဲ့အတွက် ထိန်းသိမ်းစစ်ဆေးပြီးနောက် နေရပ်ကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး လက်ရှိမှာ ပွဲစားလို့ ယူဆရသူ ၂ ယောက်ကို ဖမ်းဆီးစစ်ဆေးနေကြောင်းလည်း ရဲမှူးကြီး ကြည်လင်း က ပြောပါတယ်။
အခုလိုမျိုး ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးကြတာတွေဟာ အရင်အစိုးရလက်ထက်ကတည်းက ရှိခဲ့တာ ဖြစ်ကြောင်း၊ အရင်က ဖမ်းမိရင် ၅ နှစ်ကနေ ၇ နှစ်အထိ ထောင်ဒဏ်ချမှတ်ခဲ့ပေမယ့် ၂၀၁၆ နောက်ပိုင်းမှာ မူလနေရပ်တွေကို ပြန်ပို့ပေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီသာ ပြန်လည်အပ်နှံတယ်လို့လည်း သိရပါ တယ်။
ဒီလိုထွက်ပြေးကြတာဟာ စခန်းတွေမှာ နေထိုင်ရတဲ့ အခက်အခဲတွေကြောင့်လို့ ဒါးပိုင် ဒုက္ခသည်စခန်းက အမည်မဖော်လိုသူတစ်ဦးက အခုလိုပြောပြပါတယ်။
"လူသားတွေပဲ သူတို့စားဖို့မရှိဘူး၊ ဝတ်ဖို့မရှိဘူး၊ ကလေးတွေက ပိုက်ဆံတောင်းတယ်၊ မုန့်စားဖို့ ပိုက်ဆံမပေး နိုင်ဘူး၊ WFP စားနပ်ရိက္ခာက ရတာလည်း ၁၅ ရက်လောက်ပဲ သုံးလို့ရတယ်၊ နောက် ၁၅ ရက်အတွက် သူများ ဆီက အတိုးယူပြီးတော့ စားတယ်၊ အတိုးများလာတယ်၊ မဆပ်နိုင်ရင် ဒီလှေနဲ့ ပြေးသွားတယ်၊ အဲလိုအပိုင်းတွေရှိပါတယ် "
ထွက်ပြေးကြသူတွေဟာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို သိပေမဲ့လည်း လွတ်မြောက်သွားရင် အဆင်ပြေမယ့် ဘဝတစ်ခုကို ထူထောင်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့သွားကြတာဖြစ်တယ်လို့လည်း သူက အခုလိုဆက် ပြောပါတယ်။
"ပင်လယ်ပြင်မှာ သေမှာလည်း သူတို့သိတယ်၊ တစ်စီးလုံး မြုပ်သွားမှာလည်း သူတို့သိတယ်၊ အစိုးရဖမ်းမှာ ကိုလည်း သိတယ်၊ ပင်လယ်ဓါးပြတွေက တွေ့ရင်လေ တချို့အမျိုးသမီးတွေကို ခေါ်သွားပြီးတော့ ဖျက်ဆီးလိုက်တာလည်း ရှိပါတယ်၊ သူတို့ ဒါကိုလည်းသိတယ်၊ အဲဒီကနေပေါ့နော်၊ အဲဒီကနေ လွတ်မြောက် သွားရင် တစ်နိုင်ငံရောက်သွားရင် သူတို့ဘ၀ သာယာလှပသွားမယ် အဲလိုယူဆပြီးတော့ သူတို့သွားတာပါ"
အဲလိုသွားကြသူတွေဟာ ပိုင်ဆိုင်သမျှပစ္စည်းတွေ ရောင်းချပြီး ပွဲစားတွေကို ပိုက်ဆံပေးကာ သွားကြတာ လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကနေ လှေနဲ့ထွက်ပြေးကြတာဟာ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ဒီလိုကိစ္စ တွေကို အဲဒီဒေသတွေက အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ပွဲစားတွေ ပူးပေါင်းကာ လာဘ်ပေးလာဘ်ယူပြီး လုပ်ဆောင်တာမျိုးတွေရှိနေကြောင်းလည်း ဝေဖန်မှုတွေရှိနေပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။