မွတ်စလင်ဒုက္ခသည် ၉၃ ဦးကို ထိန်းသိမ်းထား
2018.11.27

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လောင်းလုံမြို့နယ်ရဲ့ အနောက်တောင်ဘက် ဘုတ်ကျွန်းအနီး ပင်လယ်ပြင် မှာ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ မွတ်စလင်ဒုက္ခသည် ၉၃ ယောက် လိုက်ပါလာတဲ့ လှေတစ်စီးကို နိုဝင်ဘာ ၂၅ ရက်နေ့ညက တေ့ွရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလှေပေါ်မှာ အမျိုးသား ၂၈ဦး၊ အမျိုးသမီး ၃၃ ဦး၊ ကလေး ၃၂ ဦး စုစုပေါင်း ၉၃ ဦးပါဝင်ပြီး သူတို့ကို စမ်းလှမ်းကျေးရွာအနီးက ရေပြင်မှာ ထိန်းသိမ်းထားတယ်လို့ တိုင်းရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။
သူတို့ကို အစားအသောက်တွေ ထောက်ပံ့ပေးထားတယ်လို့ လောင်းလုံမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေး က ပြောပါတယ်။
အဲဒီဒုက္ခသည်တွေဟာ စစ်တွေမြို့၊ သဲချောင်းကျေးရွာအုပ်စု၊ ဒါးပိုင်ကျေးရွာ ဒုက္ခသည်စခန်းကနေ ထွက်ပြေးလာ သူတွေဖြစ်ပြီး မလေးရှားနိုင်ငံကို သွားဖို့ ကြိုးစားကြသူတွေဖြစ်တယ်လို့ ထွက်ဆိုထားကြောင်းလည်း ရဲတပ်ဖွဲ့မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ဒုက္ခသည်တွေကို စစ်ဆေးနေဆဲဖြစ်ပြီး ပြည်ထောင်စုအစိုးရရဲ့ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေကြောင်း တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ မွတ်စလင်ဒုက္ခသည် အယောက် ၁၀၀ ကျော်ကို ရန်ကုန်တိုင်း ကျောက်တန်းမှာ ဖမ်းမိခဲ့တဲ့အတွက် ရက်ပိုင်းလောက် ထိန်းသိမ်းစစ်ဆေးပြီးနောက် နေရပ်ကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။
လှေပေါ်မှာ လိုက်ပါလာတဲ့ မွတ်စလင်ဒုက္ခသည်တွေဟာ ပွဲစားကို တစ်ဦးအတွက် မြန်မာငွေကျပ် ၅ သိန်းပေးကာ လိုက်လာကြတာဖြစ်ပြီး မလေးရှားနိုင်ငံကို ထွက်ခွာဖို့ ရခိုင်ပြည်နယ်၊ ဒါးပိုင်ကျေးရွာ ဒုက္ခသည်စခန်းကနေ နိုဝင်ဘာလ ၁၈ ရက်နေ့က စတင်ထွက်ခွာလာတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရပါတယ်။
ဒါပေမဲ့ ပင်လယ်ပြင်မှာ လမ်းပျောက်ပြီး တပ်မတော်ရေယာဉ်နဲ့ တွေ့ရှိခဲ့တာကြောင့် လက်ရှိမှာ လောင်းလုံမြို့နယ် စမ်းလှမ်းကျေးရွာက ကမ်းခြေအနီးမှာ ထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။
လောင်းလုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေး က အခုလိုပြောပါတယ်။
"ဘင်္ဂါလီတွေကို ဖမ်းမိထားတာတော့ confirm ဖြစ်ပါတယ်၊ အသေးစိတ်ဘာတွေကို ဆက်ပြီး ဆောင်ရွက် မလဲဆိုတာ အစိုးရအဖွဲ့လည်း ပြည်ထောင်စုဆီ လှမ်းတင်ထားတယ်လို့ သိရတယ်၊ ဒီမှာတော့ medical cover တို့ဘာတို့တော့ အပြည့်အစုံလုပ်ပေးထားတယ်၊ ၂၅ ရက်နေ့ညမှာ တွေ့တယ်လို့ သိရတယ်ပေါ့နော်၊ လောလော ဆယ်တော့ ကမ်းနဲ့သိပ်တော့ မဝေးဘူးဗျ၊ စက်လှေကြီးပေါ်မှာ နေရာချထားတာရှိပါတယ်၊ အစားအသောက် ကတော့ ကမ်းကနေ သွားပို့တာပေါ့နော်၊ အုပ်ချုပ်ရေးကနေ စီစဉ်ပြီးပေါ့လေ"
စစ်ဆေးတေ့ွရှိချက်တွေအရ အဲဒီဒုက္ခသည်တွေ အားလုံးဟာ စစ်တွေမြို့နယ် သဲချောင်းကျေးရွာအုပ်စုအတွင်း နေထိုင်ကြသူတွေဖြစ်ပြီး တချို့က White Card ရှိပြီး တချို့မှာ အသိအမှတ်ပြု သက်သေခံလက်မှတ်ရှိတယ်လို့လည်း သိရပါတယ်။
ဖမ်းမိထားသူအားလုံးကို သူတို့ရဲ့နေရပ်တွေကို ပြန်ပို့ပေးသွားမှာဖြစ်ပြီး လတ်တလောမှာ တပ်မတော်ဘက်က တာဝန်ယူထိန်းသိမ်းထားတယ်လို့ တနင်္သာရီတိုင်းရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး စိန်ဝင်း က အခုလို ပြောပါတယ်။
"စစ်ကြောချက်အရ သူတို့နေရပ်ပေါ့၊ ရခိုင်ပြန်ပို့ပေးဖို့ရှိပါတယ်၊ သင်္ဘောတို့ ဘာတို့အကုန်လုံးက ပြည်ထောင်စုက ကူညီပေးတာပါ၊ ပင်လယ်ထဲက လှေပေါ်မှာ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်၊ သူတို့ရဲ့စားဝတ်နေရေး အကုန်လုံး တပ်မတော်ကနေ တာဝန်ယူပေးထားပါတယ် "
တနင်္သာရီတိုင်းအစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရကို တင်ပြပြီး ညွှန်ကြားချက်တွေအတိုင်း လုပ်ဆောင်နေတယ်လို့ RFA ကို ပြောပေမယ့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးစိုးအောင် ကို RFA က မေးမြန်းကြည့်ရာမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မသိရှိသေးကြောင်း ပြောပါတယ်။
"ဘယ်သူမှ မတင်ပြထားသေးဘူး၊ ပြီးခဲ့တဲ့ ကျောက်တန်းဘက်က ဘင်္ဂါလီတွေတုန်းကတော့ လိုအပ်တဲ့ စားနပ် ရိက္ခာထောက်ပံ့ပေးတာတွေ လုပ်ပေးတာပေါ့၊ အဝတ်အစားတွေလည်း ပါမလာဘူးဆိုတော့ အဝတ်အစား ဆင်ပေးလိုက်တာပေါ့ဗျာ၊ အဲတာတော့ ကျနော်တို့ဝန်ကြီးဌာနအပိုင်းက လုပ်ပေးတာပေါ့ဗျာ၊ ဒါပေမဲ့ ကျနော်တို့ ဘက်က လုပ်မယ်ဆိုရင်လည်း ဟိုမှာကျနော်တို့ တိုင်းရုံးတွေရှိတာပဲလေ၊ လှမ်းအကြောင်းကြားလိုက်ရုံပါပဲ"
ဒါပေမဲ့ ဒီကိစ္စကို တိုင်းလူကယ်ပြန်က ကူညီပေးဖို့ရှိကြောင်း တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဟိုပင် က သတင်းရရှိထားတယ်လို့ RFA ကို အခုလို ဖြေကြားပါတယ်။
"ကျနော်တိုင်းအစိုးရနဲ့ အဆက်သွယ်ပြတ်နေတာ ၂ ရက်ရှိပြီ၊ မနေ့ကတော့ ရန်ကုန်မှာပေါ့လေ၊ အစည်းအဝေး တက်နေပါတယ်၊ မနက်ကတော့ ကျနော်ဆီကို လူကယ်ပြန်ကနေ ဖုန်းဆက်လာတာတော့ရှိတယ်၊ ဒုက္ခသည်တွေ ကို လူကယ်ပြန်က ထောက်ပံ့တဲ့နှုန်းထားအတိုင်း စားစရာတွေ ထောက်ပံ့ဖို့ရှိပါတယ်ဆိုပြီး ကျနော်ဆီ လှမ်းဖုန်း ဆက်တာရှိပါတယ်"
အလားတူဖြစ်ရပ်မျိုးဟာ နိုဝင်ဘာ ၁၆ ရက်နေ့က ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာလည်း ဖြစ်ပွားခဲ့ပြီး အဲဒီတုန်းက စစ်တွေနဲ့ ပေါက်တောမြို့နယ်တွေက ထွက်ပြေးလာတဲ့ မွတ်စလင်ဒုက္ခသည် ၁၀၆ ယောက်ကို တေ့ွရှိခဲ့တာဖြစ်ပါတယ်။ သူတို့တွေကိုတော့ တပ်မတော်ရေယာဉ်နဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က နေရပ်ပြန်ပို့လိုက်ပြီ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ဟာ ဘင်္ဂလားပင်လယ်နဲ့ ထိစပ်တဲ့ဒေသဖြစ်တာကြောင့် လှေနဲ့ထွက်ခွာကြတာ အများဆုံးဖြစ်ပြီး တချို့ကတော့ ရခိုင်ရိုးမကိုဖြတ်ပြီး ကုန်းလမ်းကနေတဆင့် မော်တော်ကားတွေနဲ့ ထွက်ခွာကြတယ်လို့လည်း သိရပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။