မွတ်စလင်ဒုက္ခသည် ၃၈ ဦးကို နေရပ်ပြန်ပို့ဖို့ စီစဉ်


2018.12.02
boat-refugees-622.jpg ထားဝယ်ခရိုင် လောင်းလုံဘုတ်ကျွန်းအနီးက ပင်လယ်ပြင်မှာ ၂၀၁၈ နိုဝင်ဘာလ ၂၅ ရက်နေ့က လှေနဲ့ထွက်ပြေးလာတဲ့ မွတ်စလင်ဒုက္ခသည်တွေကို ဖမ်းဆီးရမိစဉ်
ဓါတ်ပုံ - တနင်္သာရီတိုင်းရဲတပ်ဖွဲ့

နိုဝင်ဘာလ ၂၉ ရက်နေ့က တနင်္သာရီကမ်းရိုးတန်းပင်လယ်ပြင်အတွင်း မွတ်စလင်ဒုက္ခသည် ၃၈ ယောက်ကို ဖမ်းဆီးရမိခဲ့တဲ့အတွက် နေရပ်ပြန်ပို့ဖို့စီစဉ်နေတယ်လို့ တိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီဒုက္ခသည်တွေကို ကျွန်းစုမြို့နယ်အတွင်းက ပင်လယ်ရေပြင်ပေါ်မှာပဲ လက်ရှိမှာ ထိန်းသိမ်းစစ်ဆေးနေပြီး အစားအသောက်တွေ ထောက်ပံ့ပေးထားတယ်လို့ တနင်္သာရီတိုင်းရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး စိန်ဝင်း က RFA ကို ပြောပါတယ်။

အဲဒီမွတ်စလင်ဒုက္ခသည်တွေထဲမှာ အမျိုးသား ၁၉ ယောက်၊ အမျိုးသမီး ၁၁ ယောက်နဲ့ ကလေး ၈ ယောက် ပါဝင် တယ်လို့ သတင်းတွေအရ သိရပါတယ်။ သူတို့တွေဟာ မလေးရှားနိုင်ငံကို သွားရောက်ဖို့ စစ်တွေမြို့၊ သဲချောင်း ကျေးရွာလှေဆိပ်ကနေ နိုဝင်ဘာလ ၂၁ ရက်နေ့က ထွက်ခွာလာကြပြီး စက်သုံးဆီ၊ သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေပြတ်လပ်သွားတဲ့အတွက် ကျွန်းရှိတဲ့နေရာကို ချည်းကပ်စဉ်မှာ အဖမ်းခံရတာဖြစ်ကြောင်းလည်း သိရပါတယ်။

၂၀၁၈ ခုနှစ်အတွင်း အခုလိုရခိုင်ပြည်နယ်ဘက်က မွတ်စလင်ဒုက္ခသည်လှေတွေကို ဖမ်းဆီးရမိတာ ဒါနဲ့ဆိုရင် ၃ ကြိမ်မြောက်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း မွတ်စလင်ဒုက္ခသည် ၉၃ ယောက်လိုက်ပါလာတဲ့ လှေတစ်စီးကို ထားဝယ် ခရိုင်၊ လောင်းလုံမြို့နယ်ရဲ့ အနောက်တောင်ဘက် ဘုတ်ကျွန်းအနီး ပင်လယ်ပြင် ဖမ်းမိခဲ့ပြီး နိုဝင်ဘာ ၂၇ ရက်နေ့မှာ စစ်ရေယာဉ်တွေနဲ့ နေရပ်ကိုပြန်လည်ပို့ဆောင်လိုက်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ မွတ်စလင်ဒုက္ခသည် ၁၀၆ ဦး လိုက်ပါလာတဲ့ လှေတစ်စီးကို ဖမ်းဆီးရမိခဲ့တာကြောင့် နေရပ်ပြန်လည်ပို့ဆောင်လိုက်ပါတယ်။

အဲဒီဒုက္ခသည် ၉၃ ယောက်ထဲမှာပါလာတဲ့ ပွဲစားလို့ယူဆရသူ ၄ ယောက်ကို စစ်တွေမြို့မရဲစခန်းမှာ ထိန်းသိမ်း စစ်ဆေးနေတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ကြည်လင်းက RFA ကို ပြောပါတယ်။

ဒါ့အပြင် ဒီ ၉၃ ယောက်ကိစ္စနဲ့ပတ်သက်ပြီး သဲချောင်းကျေးရွာနေသူတစ်ယောက်ကို ထိန်းသိမ်းစစ်ဆေးနေ တဲ့အတွက် စုစုပေါင်း ၅ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။