အမျိုးသားလွှတ်တော်မှာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ထုတ်လွှင့်
2014.07.17

လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဂုဏ်ပြု တဲ့အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်းပြုပြည်ပြု လွှတ်တော်နဲ့ ပတ်သက်ပြီး ပြောကြားခဲ့တဲ့ မိန့်ခွန်းကို ဒီနေ့ အမျိုးသားလွှတ်တော် အစည်းအဝေး ခေတ္တရပ်နား ချိန်မှာ ထုတ်လွှင့်ခဲ့ပါတယ်။
"ဖဆပလ အဖွဲ့ချုပ်ကို ရန်ကုန်မှာရှိတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်အမတ်တွေက ရန်ကုန်မှာရှိတဲ့ နယ်အ သီးသီးကို ပြန်ပြီးအစီရင်ခံတဲ့ အစည်းအဝေးပွဲတွေ လုပ်ပါလို့ပြောလိုက်တဲ့အခါမှာ အဲဒီ တိုင်းပြုပြည်ပြု လွှတ်တော်အမတ်တွေက ကိုယ့်နယ်ဆိုင်ရာလူတွေ ကို ပြန်ပြီးအစီရင်ခံတဲ့အဓိပ္ပာယ် မပါတော့ပဲနဲ့ နိုင်ငံရေးရှင်းတမ်း တရားပွဲတွေ ရပ်ကွက်တွေမှာ လုပ်လာတယ်"
ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ရက်နေ့ မြို့တော်ခန်းမရှေ့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်း၊ တပ်မတော်လေတပ်မှာ ပြောကြားတဲ့ မိန့်ခွန်း၊ ၁၉၄၆ ခုနှစ် ဧပြီ ၅ ရက်နေ့မှာ ပြောကြားခဲ့တဲ့ ရွေးကောက်ပွဲ မိန့်ခွန်းတွေကို မနက်ဖြန်မှာ ဆက်လက်ထုတ်လွှင့်မှာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိနဲ့ ဈာပနအခမ်း အနားတွေကို ရုပ်မြင်သံကြားနဲ့ ပြသသွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ရဲ့ ညွှန်ကြားချက်နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေကို ထုတ်လွှင့်တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ လွှတ်တော်ရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။