ဗိုလ်ချုပ်ပုံ ငွေစက္ကူထုတ်ရေး တပ်ကိုယ်စားလှယ်တွေ ကန့်ကွက်
2017.11.17

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို ရှေ့အနာဂတ်ကာလမှာ ထုတ်ဝေမယ့် ငွေစက္ကူတွေမှာ ရိုက်နှိပ်ထုတ်ဝေဖို့ ပြည်ထောင် စုအစိုးရကို တိုက်တွန်းတဲ့အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တဦးတို့က ကန့်ကွက်ခဲ့ပါတယ်။
အဆိုကို တပ်မတော်သားကိုယ်စားလှယ်တဦးနဲ့ အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ၈ ဦးစုစုပေါင်း ကိုယ်စားလှယ် ၉ ဦးက ဆွေးနွေးခဲ့တာပါ။
ကွန့်ကွက်ဆွေးနွေးတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်မင်းလှိုင် က ငွေကြေးဖောင်းပွမှု၊ ပြည်သူတွေ စီးပွားရေးပိုကျပ်တည်းလာနိုင်တာ စသဖြင့်ထောက်ပြဆွေးနွေးပေမယ့် ကိုယ်စားလှယ်အချို့ကတော့ ဟောင်းနွမ်းသွားတဲ့ ငွေစက္ကူတွေနေရာမှာ အစားထိုးမှာဖြစ်တဲ့အတွက် ဘဏ္ဍာငွေကုန်ကျမှု မရှိနိုင်ဘူးလို့ ဆွေးနွေးကြပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးမင်းကလည်း အဆိုဟာ ဗဟိုဘဏ်ရဲ့ သဘောထားနဲ့ ကိုက်ညီပြီး အပြစ်မဲ့အဆိုဖြစ်လို့ ထောက်ခံတဲ့အကြောင်းပြောပါတယ်။
အဲဒီနောက် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က အဆိုကို သဘောတူ၊ မတူ မေးမြန်းရာမှာ တပ်မတော်သား ကိုယ်စားလှယ် ၁၀၈ ဦးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တဦးတို့က မတ်တပ်ရပ်ကန့်ကွက်ခဲ့ပါတယ်။
ဒါပေမဲ့ ထောက်ခံမဲက ၂၈၆ မဲရှိတာကြောင့် အဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။