ဗိုလ်ချုပ်ကြေးရုပ် ဟားခါးမြို့မှာ စိုက်ထူမှာကို ချင်းလူငယ်ကွန်ရက် ကန့်ကွက်


2019.09.16
hakha-622.jpg ချင်းပြည်နယ်၊ ဟားခါးမြို့အဝင် ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: RFA

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီက စီစဉ် ဆောင်ရွက်နေတာကို ချင်းလူငယ်များကွန်ရက်က အပြင်းအထန်ကန့်ကွက်လိုက်ပါတယ်။

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့ ဆောင်ရွက်နေတာဟာ ချင်းလူထုရဲ့ သဘောဆန္ဒမပါဘဲ အစိုးရ၊ လွှတ်တော်နဲ့ NLD ပါတီက ဦးစီးဆောင်ရွက်နေတာဖြစ်ပြီး ဒီလိုဆောင်ရွက်ချက်ဟာ ဒေသခံတိုင်းရင်းသားတွေကြား လူမျိုးကြီးဝါဒ လွှမ်းမိုးဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာလို့ ချင်းတိုင်းရင်းသား လူငယ်တွေအနေနဲ့ ရှုမြင်ကြောင်း ချင်းလူငယ်များကွန်ရက်က ကြေညာချက် ထုတ်လိုက်တာပါ။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကတိကဝတ်ရှိခဲ့တဲ့ ပင်လုံစာချုပ်ပါ သဘောတူညီချက်တွေကို မဖြည့်ဆည်းနိုင်သေးတဲ့ ကာလဖြစ်တာကြောင့် လက်ရှိအချိန်မှာ ချင်းပြည်နယ်အတွင်းက ဘယ်နေရာမှာမဆို ကြေးရုပ်စိုက်ထူမှုကို ကန့်ကွက်တယ်လို့ ချင်းလူငယ်ကွန်ရက်က ဆလိုင်းမာန်ဟုန်း က ပြောပါတယ်။

ဘယ်နေရာပဲ ဖြစ်ဖြစ် လုံးဝ မစိုက်ထူသင့်ဘူးလို့ မြင်ပါတယ်

"အမှန်တိုင်းပြောရင် အရင်က ချင်းပြည်နယ်လွှတ်တော် အဆောက်အအုံမဆောက်ခင် ဗိုလ်ချုပ်ရုပ်တု အဟောင်း ရှိတယ်ဗျ။ သူတို့ စိုက်ခဲ့တာတော့ကြာပြီဗျ။ ကျနော်တို့ ဆိုလိုတာက ဗိုလ်ချုပ်ကို ကျနော်တို့ မကြိုက်တာ မဟုတ်ဘူး။ အခုလက်ရှိ နိုင်ငံရေးအခြေအနေရပေါ့လေ။ ဘယ်နေရာပဲ ဖြစ်ဖြစ် လုံးဝ မစိုက်ထူသင့်ဘူးလို့ မြင်ပါတယ်"

ချင်းလူငယ်ကွန်ရက်ဟာ လူငယ်ရေး၊ အမျိုးသားရေး ဆောင်ရွက်နေတဲ့ ချင်းလူငယ်အဖွဲ့တွေနဲ့ စုပေါင်းထားတဲ့ ကွန်ရက်တစ်ခုဖြစ်ပြီး အဖွဲ့ဝင် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ တွက်လို့မရဘူးလို့ ဆလိုင်းမာန်ဟုန်း က ပြောပါတယ်။

လက်ရှိမှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူတာထက် ပင်လုံစာချုပ်ပါ အမျိုးသားတန်တူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေးကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့လိုတယ်လို့လည်း ကွန်ရက်က တောင်းဆိုထားပါတယ်။

တစ်ဘက်ကလည်း ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီကို ဒေသခံတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အစိုးရ၊ ပါတီစရိတ်နဲ့ စိုက်ထူတာ မဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်းလို လူငယ်တွေပေါ်ထွက်လာဖို့ ရည်ရွယ်ချက်နဲ့ စိုက်ထူဖို့ စီစဉ်တာလို့ ချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က ပြောပါတယ်။

လက်ရှိမှာ ကြေးရုပ်စိုက်ထူမယ့် မြေနေရာကို ကော်မတီက ရွေးနေပါတယ်။ ကြေးရုပ်ဟာ ချင်းပြည်နယ်ကို ရောက်ရှိနေပြီဖြစ်ပြီး ယခင်က ခိုစိုလိုဘိုတောင်ထိပ်မှာ စိုက်ထူဖို့ လျာထားခဲ့ပေမယ့် သွားလာရ ခက်ခဲတာကြောင့် သဘောမကျသူတွေရှိတဲ့အတွက် ပြန်လည်ညှိနှိုင်းနေကြောင်း ဝန်ကြီး ဦးပေါင်လွန်မင်းထန် က ပြောပါတယ်။

ချင်းလူငယ်များကွန်ရက်က ကြားသိထားတဲ့ သတင်းတွေအရ ဟားခါးမြို့အဝင် View Point မှာ စိုက်ထူဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဟားခါးမှာ ကြေးရုပ်စိုက်ထူမယ့် ကိစ္စအပေါ် ဆိုးဆိုးဝါးဝါး ဖြစ်လာစရာမရှိဘူးလို့ မြင်ကြောင်း ပြည်နယ်အစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန် က RFA ကို ပြောပါတယ်။

"ဆိုးဆိုးဝါးဝါးဖြစ်လာလိမ့်မယ်လို့တော့ မမျှော်လင့်ဘူး။ လူငယ်တွေက ဘာကြောင့်ဆိုတာ တိုက်ရိုက် မဆက်သွယ်ထားတော့ ကျနော်တော့ သိတော့ မသိဘူး။ ကျနော့်အမြင်မှာ သူတို့ဘာလို့ ဒီဟာတွေကို မကြိုက်ရမှာလဲပေါ့။ အားလုံးသိပါတယ်။ ဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ်လမ်းဆိုတာ ဗိုလ်ချုပ်အောင်ဆန်း လမ်းပါပဲ။ ဒါသူ့ကို Model ထားပြီးတော့ လုပ်တယ်"

ဝန်ကြီး ပေါင်လွန်မင်းထန်ဟာ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်ကနေ ရွေးကောက်ပွဲအောင်နိုင်ပြီး ပြည်နယ်ဝန်ကြီးအဖြစ် ရွေးကောက်ခံခဲ့ရသူဖြစ်ပါတယ်။

NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်NLD အစိုးရလက်ထက်မှာ တိုင်းနဲ့ပြည်နယ်တွေမှာ ဗိုလ်ချုပ်ကြေးရုပ်တွေ လိုက်လံစိုက်ထူ နေတယ်ဆိုတဲ့ ပြောဆိုချက်တွေ အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် ပြောတာက -

"ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူတဲ့အခါ ရှေ့အစိုးရလက်ထက်တွေမှာ ကျတော့ ခွင့်ပြုချက်ရဖို့ ခဲယဉ်းပါတယ်။ ကျနော်တို့ ဒီမိုကရေစီ အစိုးရလက်ထက်မှာကျတော့ ကျနော်တို့ ခွင့်ပြုချက်ကို လျင်လျင်မြန်မြန် ပေးတယ်။ ဒါတစ်ခုပဲ ထူးခြားပါတယ်။ ကျနော်တို့ ပါတီ အနေနဲ့တော့ ဗိုလ်ချုပ်ရုပ်တုတွေကို မူဝါဒတစ်ခု အနေနဲ့ စိုက်ထူတာမရှိဘူးလို့ ကျနော် အတိအလင်း ငြင်းဆိုပါတယ်"

ဟားခါးမှာ ကြေးရုပ်စိုက်မယ့် ကိစ္စအပေါ် NLD ပါတီကို အကြောင်းကြားတာ မရှိသေးကြောင်းနဲ့ မပြေလည်မှုတွေရှိရင် ဒေသခံတွေကြား ညှိနှိုင်းဆောင်ရွက်ရာမှာသာ ဖြစ်တယ်လို့ ဒေါက်တာ မျိုးညွန့် က ပြောပါတယ်။

၂၀၁၈ ခုနှစ်က ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့ ကြိုးစားခဲ့ပေမယ့် ကန့်ကွက်မှုတွေ ရှိတဲ့အတွက် အစီအစဉ် မအောင်မြင်ခဲ့ပါဘူး။

တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေကို အကောင်အထည်မဖော်ဘဲ ဗိုလ်ချုပ်ကြေးရုပ်ကို အတင်းအဓမ္မ အကောင်အထည်ဖော်မယ်ဆိုရင် ချင်းတိုင်းရင်းသားတွေနဲ့ ဗမာတိုင်းရင်းသားတွေကြား လူမျိုးရေးဆန်တဲ့ အမုန်းပွားမှုတွေ ဖြစ်နိုင်တယ်လို့လည်း ချင်းလူငယ်ကွန်ရက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ထည့်သွင်းရေးသား ထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို မွန်ပြည်နယ် မုဒုံမြို့၊ ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တို့မှာ ဒေသခံတိုင်းရင်းသားတွေ ကန့်ကွက်နေတဲ့ ကြားကပဲ စိုက်ထူခဲ့ပြီး ဖြစ်ပါတယ်ရှင်။

(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။