လွိုင်ကော်မှာ လုံခြုံရေးတိုးမြှင့်ချထား
2019.05.17

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူထားရှိမှုကို ကရင်နီလူငယ် အင်အားစုက ဆန္ဒထုတ်ဖော်မယ်ဆိုတဲ့ သတင်းတွေထွက်နေတာကြောင့် လွိုင်ကော်မြို့အဝင်လမ်းဖြစ်တဲ့ ပြည်နယ်အစိုးရရုံးနဲ့ လွှတ်တော်ရုံးတဝိုက်မှာ မနေ့ညကစပြီး ရဲအင်အား ၅၀ ကျော် လုံခြုံရေးချထားပါတယ်။
ကြေးရုပ်အနီးတဝိုက်မှာလည်း လုံခြုံရေးတွေချထားပြီး အချုပ်ကားတွေလည်းအဆင်သင့် စောင့်နေတာတွေ ရှိတယ်လို့ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်ဘီထူးက ပြောပါတယ်။
ဗိုလ်ချုပ်ကြေးရုပ်နဲ့ပတ်သက်ပြီး လှုပ်ရှားဆောင်မှုတွေရှိခဲ့တဲ့ ကရင်နီလူငယ်တစ်ဦးဖြစ်တဲ့ ခူးပိုးရယ်က လူငယ်တွေအနေနဲ့ ဆန္ဒထုတ်ဖော်သွားမယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ကြောင်းနဲ့ သူတို့အနေနဲ့ ဘာလှုပ်ရှားမှုမှ ဆောင်ရွက်နေတာမရှိကြောင်း ပြောပါတယ်။
ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ဆိုပြီး ကယန်း အမျိုးသားပါတီ ဥက္ကဋ္ဌအပါအဝင် ရပ်မိရပ်ဖတွေကို ဒီနေ့နေလယ်မှာ ပြည်နယ်အစိုးရအဖွဲ့ရုံးကို ဖိတ်ခေါ်ပြီး လူငယ်တွေကိုထိန်းပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
ရပ်မိရပ်ဖတွေဘက်က ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ အဆင်ပြေအောင် ကြားဝင်အကျိုးဆောင်ပေးခဲ့ပြီး ဖြစ်ပေမယ့် အစိုးရက ရွှေ့ပြောင်းရေးကို လက်မခံဘူးလို့ ပြောလိုက်တဲ့အတွက် အကျိုးဆောင်တွေအနေနဲ့ ဘာမှဆောင်ရွက်လို့ မရနိုင်ကြောင်းနဲ့ ထိန်းညှိရေးလုပ်ငန်းကို အစိုးရကသာဆောင်ရွက်ရမှာလို့ ဆွေးနွေးတင်ပြခဲ့တယ်လို့ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်ဘီထူးက ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။