သိန်း ၁၅၀၀ ကျော်ကုန်ကျမယ့် ဗိုလ်ချုပ် ရုပ်တု နေပြည်တော်မှာ ထားရှိမည်
2017.11.19

မြန်မာနိုင်ငံမှာ အကြီးဆုံး ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကို နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်က သပြေကုန်းအဝိုင်းမှာ ထုလုပ်ထားရှိသွားမယ်လို့ ရုပ်တုဖြစ်မြောက်ရေးကော်မတီ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်သစ် က ဒီကနေ့ ပြောပါတယ်။
ငွေကျပ်သိန်း ၁၅၀၀ ကျော်ကုန်ကျမယ့် ဗိုလ်ချုပ်ကြေးရုပ်တုကို နေပြည်တော်ရဲ့ ဗဟိုချက်မလို့ ပြောရမယ့် သပြေကုန်းအဝိုင်းမှာ စိုက်ထူသွားမှာ ဖြစ်တယ်လို့ ဦးတင်သစ် က ပြောပါတယ်။
"သပြေကုန်းအဝိုင်းဆိုတာကတော့ နေပြည်တော်ရဲ့ ဗဟိုချက်မ လို့လည်း ပြောလို့ရတာပဲ၊ အဲဒီသပြေကုန်း အဝိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုပေါ့ စိုက်ထူဖို့ပြင်ဆင်နေပါတယ်၊ သိန်း ၁၅၀၀ နဲ့ ၂၀၀၀ ဝန်းကျင်လောက် ကုန်ကျမယ်လို့တော့ ကျနော်တို့ခန့်မှန်းတယ်၊ ကျနော်တို့မှန်းထားတာကတော့ မြန်မာပြည်မှာ အကြီးဆုံး မြင်းစီးကြေးရုပ်တုဖြစ်မယ်၊ အခုရုပ်တုကတော့ နေပြည်တော်တစ်ခုလုံးကို ကိုယ်စားပြုပြီးတော့ နေပြည်တော် ၈ မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရပ်မိရပ်ဖတွေ အကုန်လုံး ပူးပေါင်းပြီးတော့ ဆောင်ရွက်တဲ့သဘောပါ"
အဲဒီကြေးရုပ်ထုကို ကြေးပိသာချိန် နှစ်ထောင်နဲ့ အမြင့် ၁၈ ပေခန့် သွန်းလုပ်သွားမှာဖြစ်ပြီး ကြာချိန် ၈ လ ကနေ ၁ နှစ်လောက် အချိန်ယူထုလုပ်ရမှာဖြစ်တယ်လို့ ပြောပါတယ်။
ရုပ်ထုဖြစ်မြောက်ရေးကော်မတီ နာယကတွေအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌ၊ နေပြည်တော်ကော်စီဥက္ကဌ နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် တို့က တာဝန်ယူဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ရုပ်ထုဖြစ်မြောက်ရေးအတွက် အများပြည်သူတွေ တတ်နိုင်သလောက် ထည့်ဝင်လှူဒါန်းကြဖို့လည်း တိုက်တွန်းသွား မယ်လို့ ဦးတင်သစ် က ပြောပါတယ်။
လက်ရှိမှာ ဗိုလ်ချုပ်ကြေးရုပ်တွေကို ပျဉ်းမနား၊ လယ်ဝေးနဲ့ တပ်ကုန်းမြို့နယ်တို့မှာ မြို့နယ်အလိုက်စိုက်ထူထား တာတွေရှိပြီး လာမယ့်နှစ်မှာလည်း ပုဗ္ဗသီရိနဲ့ ဥတ္တရသီရိမြို့နယ်တို့မှာ စိုက်ထူသွားဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။