ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ ငွေစာရင်း တိတိကျကျဆောင်ရွက်ဖို့ ဦးဝင်းထိန် ပြော
2017.12.03

ငွေကျပ် သိန်း ၁၅၀၀ ခန့် ကုန်ကျမယ့် နေပြည်တော်က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖြစ်မြောက်ရေးအတွက် ဘဏ္ဍာငွေစာရင်းကို စာရင်းစစ်နဲ့ စစ်ဆေးပြီး တိတိကျကျဖြစ်အောင်ဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ဒီနေ့ သတိပေးခဲ့ပါတယ်။
နေပြည်တော် စည်ပင်ရိပ်သာမှာ ဒီကနေ့ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖြစ်မြောက်ရေး ဦးစီးကော်မတီအစည်းအဝေးမှာ ဦးဝင်းထိန်က အဖွဲ့ရဲ့ သိက္ခာနဲ့ ဆိုင်တဲ့အတွက် ဘဏ္ဍာရေးကိစ္စကို ရှင်းရှင်း လင်းလင်းလုပ်ကြဖို့ ပြောခဲ့တာဖြစ်ပါတယ်။
"အမှန်အတိုင်း အားလုံးသိတဲ့အတိုင်းပဲ ရှင်းရှင်းလင်းလင်းသိမှ၊ ရှင်းရှင်းလင်းလင်းဖြစ်မှ၊ အခုထိတော့ ဗိုလ်ချုပ်ကြေးရုပ်နဲ့ ပတ်သက်ပြီး ဘာမှာတော့ ပြဿနာမကြားရဘူး၊ ချောချောချူချူ ပြီးသွားကြတာပဲ၊ ကျနော်ကတော့ ကျေးရွာမီးလင်းရေးတွေနဲ့ ပတ်သက်လို့ ခဏခဏ ကြုံတွေ့ခဲ့ပါတယ်၊ ရန်ဖြစ်နေကြ တာပဲ၊ မီးသာလင်းသွားတယ်၊ စာရင်းက ရှင်းလို့မရဘူး၊ ဒီဥစ္စာတော့ အဖွဲ့ရဲ့ သိက္ခာနဲ့ဆိုင်တယ်လေ၊ ဗိုလ်ချုပ်ကြေးရုပ်ဆိုတဲ့အခါကျတော့ ပိုပြီးတော့ သက်ရောက်ဖို့လိုတယ်"
ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ပြုလုပ်ရာမှာ ပုံစံတူဖို့ အရေးကြီးကြောင်း ဂရုစိုက်ကြဖို့လည်း သတိပေးခဲ့ ပါတယ်။
ကုန်ကျစရိတ် သိန်း ၁၅၀၀ ခန့် ရှိမယ်လို့ ခန့်မှန်းထားတဲ့ ကြေးရုပ်တုအတွက် ငွေကျပ် သိန်း ၂၅၀ ခန့် အလှူငွေ ရရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းအဝိုင်းမှာ တည်ဆောက်မယ့် ၁၈ ပေအမြင့်ရှိမယ့် ဗိုလ်ချုပ်မြင်းစီး ရုပ်တုကို ပြည်မြို့က ပညာရှင် ဦးမြင့်ဆန်းက ထုလုပ်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လတ်တလော ဗိုလ်ချုပ်အောင်ဆန်းမြင်းစီရုပ်တု ၁၅ ရုပ်ခန့်ရှိပြီး နေပြည်တော်က ဗိုလ်ချုပ်ရုပ်တုကို ၁၀ လအတွင်း အပြီး တည်ဆောက်ဖို့ လျာထားတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖြစ်မြောက်ရေးကော်မတီမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်တို့က နာယကအဖြစ် တာဝန်ယူထား တာ ဖြစ်ပါတယ်။
သမ္မတ ဦးထင်ကျော် ကျန်းမာရေးနဲ့ပတ်သက်ပြီး ထင်ကြေးအမျိုးမျိုးထွက်ပေါ်နေချိန်ဖြစ်တဲ့အတွက် အစည်းအဝေး အပြီးမှာ ဦးဝင်းထိန်ကို သမ္မတဦးထင်ကျော်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး သတင်းထောက်တွေ က မေးမြန်းရာမှာ သမ္မတ ကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ ဆေးကုသမှုခံယူပြီးနောက် ကိုယ်အလေးချိန် လျော့ ကျသွားတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။